မြဝတီခရိုင် ပြည်သူ့ဆေးရုံကြီး သီးသန့်ဆောင်၌ ကုသပေးနေသူ သံသယလူနာ သုံးဦးအနက် နှစ်ဦးမှာ H1N1 Positive ဖြစ်ကြောင်း သိရ

မြဝတီခရိုင် ပြည်သူ့ဆေးရုံကြီး သီးသန့်ဆောင်၌ ကုသပေးနေသူ သံသယလူနာ သုံးဦးအနက် နှစ်ဦးမှာ H1N1 Positive ဖြစ်ကြောင်း သိရ
Published 18 August 2017

မြဝတီခရိုင် ပြည်သူ့ဆေးရုံကြီး သီးသန့်ဆောင်၌ ကုသပေးနေသူ သံသယလူနာသုံးဦးအနက် နှစ်ဦးမှာ H1N1 Positive ဖြစ်ကြောင်း မြဝတီဆေးရုံအုပ်ကြီး ဒေါက်တာသီတာစိုးက သြဂုတ် ၁၇ ရက် ည ၇ နာရီခွဲက အတည်ပြု ပြောကြားသည်။

မြဝတီခရိုင်ဆေးရုံကြီးတွင် သြဂုတ် ၁၄ ရက်က တက်ရောက်ကုသခဲ့သည့် ကိုးလအရွယ်ကလေးနှင့် သူ၏အစ်ကိုဖြစ်သူ မိုးထက်အောင်တို့မှာ H1N1 Positive ဖြစ်ကြောင်း အမျိုးသားဓာတ်ခွဲဌာနမှ သြဂုတ် ၁၇ ရက် ည ၇ နာရီက ပြန်ကြားခဲ့သည်ဟု ဆိုသည်။

သြဂုတ် ၁၄ ရက်တွင် အသက်ကိုးလအရွယ် ကလေးငယ်တစ်ဦး ပြင်းထန်အဆုတ်ရောင်ရောဂါကြောင့် မြဝတီခရိုင် ပြည်သူ့ဆေးရုံသို့ တက်ရောက်ကုသလာခဲ့ရာ မြဝတီ ပြည်သူ့ဆေးရုံကြီးမှ RDT ကိရိယာဖြင့် စစ်ဆေးချက်အရ တုပ်ကွေးဗိုင်းရပ်စ် A အမျိုးအစား တွေ့ရှိသည့်အတွက် လတ်တလော မြန်မာနိုင်ငံတွင် ဖြစ်နေသည့် H1N1 ဟုတ်၊ မဟုတ်သိရှိနိုင်ရန် ရန်ကုန်အမျိုးသားကျန်းမာရေး ဓာတ်ခွဲဌာန (NHL) သို့ ပို့ထားခဲ့ခြင်းဖြစ်ပြီး ယင်း H1N1 Positive ဖြင့် မြဝတီခရိုင် ဆေးရုံကြီး သီးသန့်ဆောင်တွင် ယင်း H1N1 Positive တွေ့ရှိသူ နှစ်ဦးအား ပိုးသတ်ဆေးများထိုးပြီး စနစ်တကျ ကုသပေးလျက်ရှိကာ ဆိုးရွားသည့် လက္ခဏာများမရှိဘဲ အခြေအနေ ကောင်းမွန်လျက်ရှိကြောင်း သိရသည်။

H1N1 ရောဂါဖြစ်နေသော်လည်း အချိန်မီ ဆေးရုံသို့ ရောက်ရှိခဲ့ခြင်းကြောင့် ရောဂါပြင်းထန်မှုများမရှိဘဲ ကောင်းမွန်သက်သာလျက်ရှိကြောင်း၊ သာမန်တုပ်ကွေးပင်ဖြစ်စေကာမူ ကျန်းမာရေးဌာနသို့ ချက်ချင်းလာရောက်စစ်ဆေးမှုများ ခံယူစေမည်ဆိုပါက အချိန်မီ ကုသနိုင်ပါကြောင်းနှင့် ကျန်းမာရေးဌာနမှ ထုတ်ပြန်ထားသည့်အတိုင်း လက်ကိုဆပ်ပြာနှင့်ဆေးခြင်း၊ Mask တပ်ခြင်း စသည့် နည်းလမ်းများအတိုင်း လိုက်နာဆောင်ရွက်ကြရန် နှိုးဆော်ထားသည်။

မြဝတီမြို့၌ Influenza A (H1N1) pdm 09 ဓာတ်ခွဲ အတည်ပြုဖြစ်ပွားသူ နှစ်ဦး ထပ်မံတိုးလာသည့်အတွက် ကရင်ပြည်နယ်တွင် ၁၀ ဦးအထိ ရှိလာပြီး သေဆုံးသူ တစ်ဦးရှိကြောင်း သိရသည်။

Most Read

Most Recent