ရိုက်တာသတင်းဌာနမှ မြန်မာသတင်းထောက်နှစ်ဦးအမှုတွင် ဒုတိယရဲမှူးမိုးရန်နိုင်၏ ထွက်ဆိုချက်ကို မယုံကြည်ထိုက်သော သက်သေအဖြစ်ကြေညာရန် ဥပဒေအရာရှိ၏ လျှောက်ထားမှုအပေါ် နှစ်ဖက်လျှောက်လဲချက်ပေးခဲ့ပြီး လာမည့်ရုံးချိန်းတွင် အမိန့်ချမည်

ရိုက်တာသတင်းဌာနမှ မြန်မာသတင်းထောက်နှစ်ဦးအမှုတွင် ဒုတိယရဲမှူးမိုးရန်နိုင်၏ ထွက်ဆိုချက်ကို မယုံကြည်ထိုက်သော သက်သေအဖြစ်ကြေညာရန် ဥပဒေအရာရှိ၏ လျှောက်ထားမှုအပေါ် နှစ်ဖက်လျှောက်လဲချက်ပေးခဲ့ပြီး လာမည့်ရုံးချိန်းတွင် အမိန့်ချမည်
Published 26 April 2018

ရိုက်တာသတင်းဌာနမှ မြန်မာသတင်းထောက်နှစ်ဦးအား ဧပြီ ၂၅ ရက်က (၁၅) ကြိမ်မြောက်ရုံးချိန်းအဖြစ် ရုံးထုတ်လာစဉ်

ရိုက်တာသတင်းဌာနမှ မြန်မာသတင်းထောက်နှစ်ဦးအမှုတွင် ဒုတိယရဲမှူးမိုးရန်နိုင်၏ ထွက်ဆိုချက်ကို မယုံကြည်ထိုက်သော သက်သေအဖြစ် ကြေညာရန် ဥပဒေအရာရှိ၏ လျှောက်ထားမှုအပေါ် နှစ်ဖက်လျှောက်လဲချက်ပေးခဲ့ပြီး လာမည့်ရုံးချိန်း မေ ၂ ရက်တွင် အမိန့်ချမည် ဖြစ်သည်။

မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေဖြင့် တရားစွဲဆိုခံထားရသည့် ရိုက်တာသတင်းဌာနမှ မြန်မာသတင်းထောက် နှစ်ဦးဖြစ်သော ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ နှစ်ဦး၏ (၁၅) ကြိမ်မြောက်ရုံးချိန်းအဖြစ် ဧပြီ ၂၅ ရက်က အင်းစိန်မြို့နယ်ရှိ မြောက်ပိုင်းခရိုင်တရားရုံးတွင် ရုံးထုတ်ခဲ့ပြီး အဆိုပါရုံးချိန်းတွင် ဥပဒေအရာရှိ၏ လျှောက်ထားမှုအပေါ် နှစ်ဖက်ရှေ့နေများမှ လျှောက်လဲချက်ပေးခဲ့ကြောင်း သိရသည်။

မြန်မာသတင်းထောက်နှစ်ဦး၏ ရှေ့နေဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဦးခင်မော်ဇော်က “နောက်တစ်ပတ်ရုံးချိန်းမှာ ဒုရဲမှူးမိုးရန်နိုင်ကို ထပ်ခေါ်ထားတယ်။ အမိန့်ချမယ်။ ဒုရဲမှူးမိုးရန်နိုင်ကို အဲဒီအမိန့်နဲ့အညီ ဆက်ပြီးတော့စစ်မယ်။ Hostile Witness လို့  ရုံးက ကြေညာလိုက်ရင် တစ်ဖက်က Hostile Witness ကိုစစ်သလို စစ်မယ်။ ရုံးက  Hostile Witness လို့ မကြေညာရင် Hostile Witness ကို စစ်သလို Leading လုပ်ပြီး တိုက်ခိုက်ပြီး မေးခွင့်မရှိဘူး။ ကျွန်တော်တို့ကပဲ Cross လုပ်မယ်” ဟု ပြောကြားသည်။

ဒုတိယရဲမှူးမိုးရန်နိုင်၏ ရဲရှေ့ထွက်ဆိုချက်နှင့် တရားရုံးတော်တွင် ထွက်ဆိုချက်တို့သည် တူညီမှုများရှိနေပြီး ပိုနေသည်များလည်းရှိနေကြောင်း မယုံကြည်ထိုက်သော သက်သေဖြစ်ရန် ထွက်ဆိုချက်နှစ်ခုသည် အတိအလင်း ကွဲလွဲနေမှသာဖြစ်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က ပြောကြားသည်။

“မယုံကြည်ထိုက်တဲ့ သက်သေမဟုတ်ဘူးဆိုတာ သူပြောတဲ့အထဲမှာကို မတူတာ မပါဘူး။ တူတယ်။ နောက်တစ်ခါ ကျွန်တော် ပြောပါတယ်။ သူ Cross လုပ်တဲ့အခါမှာ ဒုရဲမှူးမိုးရန်နိုင်ကို ၁၅၄ အရ အပြန်အလှန် စစ်မေးတဲ့ပုံစံမျိုး၊ တစ်ဖက်သက်သေကို သိက္ခာချသလို ကြိုးစားတဲ့အခါမှာ ဒုရဲမှူးမိုးရန်နိုင်က ယိမ်းယိုင်သွားခြင်းမရှိဘူး” ဟု  တရားလွှတ်တော်ရှေ့နေ ဦးခင်မော်ဇော်က ပြောကြားသည်။

(၁၆) ကြိမ်မြောက်ရုံးချိန်းအဖြစ် မေ ၂ ရက်ရုံးချိန်းတွင် မယုံကြည်ထိုက်သောသက် သေကြေညာခြင်း (သို့မဟုတ်) မကြေညာခြင်း ဆောင်ရွက်မည်ဖြစ်သော်လည်း  (၁၄) ကြိမ်မြောက်ရုံးချိန်းတွင် တရားလိုပြသက်သေအဖြစ် လာရောက်ထွက်ဆိုခဲ့သော ဒုရဲမှူးမိုးရန်နိုင်ကို မြောက်ပိုင်းခရိုင်တရားရုံးသို့ ထပ်မံခေါ်ဆောင်ရန် ညွှန်ကြားထားပြီး မေးမြန်းမှုများ ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အမှတ်(၈) လုံခြုံရေးရဲတပ်ဖွဲ့ခွဲမှ ဒုတိယရဲမှူး မိုးရန်နိုင်သည် ရိုက်တာသတင်းဌာနမှ မြန်မာသတင်းထောက်နှစ်ဦး ထောင်ဖမ်းခံရမှု ဟုတ်မှန်ကြောင်းနှင့် အမှန်တရား ဖွင့်ပြောရခြင်းမှာ ရဲတပ်ဖွဲ့ဝင်တွင်လည်း မည်သည့် အဆင့်အတန်းမဆို ဂုဏ်သိက္ခာရှိကြောင်း ပြောကြားထားပြီး လက်ရှိတွင် ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေဖြင့် အရေးယူခံရ၍ ချုပ်နှောင်ခံထားရကြောင်း သိရသည်။

ကိုဝလုံး (ခေါ်) သက်ဦးမောင်နှင့် ကိုကျော်စိုးဦး (ခေါ်) ကိုမိုးအောင်တို့နှစ်ဦးကို အစိုးရလျှို့ဝှက်စာရွက်စာတမ်းများနှင့်အတူ တွေ့ရှိသည်ဟုဆိုကာ ၁၉၂၃ ခုနှစ် မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်များအက်ဥပဒေ ပုဒ်မ - ၃(၁)(ဂ)ဖြင့် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ  ဒုတိယရဲမှူးကြီးယုနိုင်က တရားလိုပြုလုပ်၍ မြောက်ပိုင်းခရိုင်တရားရုံးတွင် တရားစွဲဆိုခဲ့ကြောင်း၊ လုံခြုံရေးရဲတပ်ဖွဲ့ခွဲမှ ပါဝင်ပတ်သက်သူ ဒုတိယရဲမှူး မိုးရန်နိုင်နှင့် ရဲတပ်ကြပ်ကြီး ခင်မောင်လင်းတို့နှစ်ဦးကိုလည်း ၁၉၂၃ ခုနှစ်၊ မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်များ အက်ဥပဒေပုဒ်မအရလည်းကောင်း၊ ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေများအရလည်းကောင်း ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

ရိုက်တာသတင်းဌာနမှ မြန်မာသတင်းထောက်နှစ်ဦးဖြစ်သော ကိုဝလုံး၊  ကိုကျော်စိုးဦးတို့နှင့် ရခိုင်ပြည်နယ် အင်းဒင်ကျေးရွာတွင် တွေ့ဆုံဖူးကြောင်း၊ ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ်တွင် ရဲတပ်ကြပ်နိုင်လင်းအား သတင်းထောက်နှစ်ဦးနှင့် တွေ့ဆုံစေကာ ရဲမှူးချုပ်တင်ကိုကိုက စာရွက်စာတမ်းများ ပေးခိုင်းခြင်းကို ၎င်းအနေဖြင့် သိရှိကြောင်း ဒုတိယရဲမှူးမိုးရန်နိုင်က (၁၄) ကြိမ်မြောက် ရုံးချိန်းတွင် ပြောကြားထားသည်။

သတင်းထောက်နှစ်ဦးဖြစ်သော ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့သည် ရခိုင်ပြည်နယ် မောင်တောမြို့နယ် အင်းဒင်ကျေးရွာတွင် ဘင်္ဂါလီ ၁၀ ဦး အသတ်ခံရမှုနှင့်ပတ်သက်၍ စုံစမ်းရေးသားဖော်ထုတ်ခဲ့သူများဖြစ်ပြီး အင်းဒင်ကျေးရွာကိစ္စနှင့်ပတ်သက်၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးကလည်း အင်းဒင်ကျေးရွာအနီး ဘင်္ဂါလီအကြမ်းဖက် ၁၀ ဦးအပေါ် ဥပဒေနှင့်အညီ ဆောင်ရွက်ခြင်းမရှိဘဲ ပြစ်မှုကျူးလွန်ခဲ့သည့် တပ်မတော်သား ခုနစ်ဦးအား အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခဲ့ကြောင်း၊ အဆိုပါ ဥပဒေမဲ့ ပြစ်မှုကျူးလွန်ခဲ့ကြသူများအနက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် အရပ်သားများအား သက်ဆိုင်ရာဥပဒေ၊ လုပ်ထုံးလုပ်နည်းများ၊ စည်းမျဉ်းများနှင့်အညီ အရေးယူဆဲဖြစ်ကြောင်း  ဧပြီ ၁၀ ရက် ညပိုင်းက သတင်းထုတ်ပြန်ခဲ့သည်။

Most Read

Most Recent