လုံးခင်း၊ ဖားကန့်၊ မိုးကုတ်၊ ခန္တီး၊ မိုင်းရှူးနှင့် မော်လူး၊ မော်ဟန် ရတနာနယ်မြေများရှိ ကျောက်မျက်လုပ်ကွက် ၂၃၀ ကျော် ယခုလတွင် သက်တမ်းကုန်ဆုံးကြောင်း ထုတ်ပြန်

လုံးခင်း၊ ဖားကန့်၊ မိုးကုတ်၊ ခန္တီး၊ မိုင်းရှူးနှင့် မော်လူး၊ မော်ဟန် ရတနာနယ်မြေများရှိ ကျောက်မျက်လုပ်ကွက် ၂၃၀ ကျော် ယခုလတွင် သက်တမ်းကုန်ဆုံးကြောင်း ထုတ်ပြန်
Published 26 April 2018

လုံးခင်း၊ ဖားကန့်၊ မိုးကုတ်၊ခန္တီး၊ မိုင်းရှူး နှင့်မော်လူး၊ မော်ဟန်ရတနာနယ်မြေများရှိ ကျောက်မျက်တူးဖော်ရေးလုပ်ကွက် ၂၃၀ ကျော်မှာ ယခုလတွင်သက်တမ်းကုန်ဆုံးကြောင်း သယံဇာတနှင့်သဘာ၀ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

ဧပြီတွင် လုံးခင်း၊ ဖားကန့် ရတနာနယ်မြေ၌ လုပ်ကွက် ၁၀၂ ခု၊ မိုင်းရှူးရတနာနယ်မြေတွင် လုပ်ကွက်သုံးခု၊ မိုးကုတ်ရတနာနယ်မြေတွင် လုပ်ကွက် ၁၅ ခု၊ ခန္တီးရတနာ နယ်မြေတွင်လုပ်ကွက် လေးခု၊ မော်လူး၊ မော်ဟန်ရတနာနယ်မြေရှိ လုပ်ကွက် ၁၁၀ ခုတို့မှာ သက်တမ်းကုန်ဆုံးကြောင်း ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ ဧပြီတွင် သက်တမ်းကုန်သည့် လုပ်ကွက်စုစုပေါင်း ၂၃၄ ခု ရှိကြောင်း သိရသည်။ ၂၀၁၈ ခုနှစ် မတ်လတွင် သက်တမ်းကုန်ဆုံးသည့် လုပ်ကွက် စုစုပေါင်း ၁၉၈ ခုရှိကြောင်း သိရသည်။

မိုင်းရှူးရတနာနယ်မြေရှိ လုပ်ကွက်သုံးခုမှာ ၂၀၁၅ ခုနှစ်က လုပ်ကိုင်ခွင့်ပြုခဲ့ခြင်းဖြစ်ပြီး မိုးကုတ် ရတနာနယ်မြေရှိလုပ်ကွက် ၁၅ ခုမှာလည်း ၂၀၁၅ ခုနှစ်ကလုပ်ကိုင်ခွင့် ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ လုံးခင်း၊ ဖားကန့်ရတနာနယ်မြေရှိ လုပ်ကွက် ၁၀၂ ခု မှာ ၂၀၁၁ နှင့် ၂၀၁၅ ခုနှစ် တို့တွင်လုပ်ကိုင် ခွင့်ပေးခဲ့ခြင်း ဖြစ်သည်။ ခန္တီးရတနာနယ်မြေရှိ လုပ်ကွက်လေးခုကို  ၂၀၁၅ ခုနှစ်က လုပ်ကိုင်ခွင့်ပေးခဲ့ခြင်းဖြစ်ပြီး မော်လူး၊ မော်ဟန်ရတနာနယ်မြေရှိ လုပ်ကွက် ၁၁၀ မှာလည်း ၂၀၁၅ ခုနှစ်ကလုပ်ကိုင်ခွင့်ပြုထားခြင်း ဖြစ်ကြောင်း သယံဇာတနှင့်သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ သိရသည်။

လက်ရှိတွင် လုပ်ကွက်သက်တမ်းကုန်ဆုံးမည့် ရတနာနယ်မြေ များရှိလုပ်ကွက်များကို သက်တမ်းတိုးမြှင့်မပေးဘဲ လစ်လပ်လုပ်ကွက်များအဖြစ် ကြေညာထားကာ အဆိုပါ လုပ်ကွက်များအတွက် Enviromental Management Plan ရေးဆွဲနေကြောင်းနှင့် ရေးဆွဲပြီးပါက ပြည်ထောင်စုအစိုးရအဖွဲ့၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် လုပ်ပိုင်ခွင့်ရှယ်ယာများ ခွဲဝေမည်ဖြစ်ကြောင်း သယံဇာတနှင့်  သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ အကြံပေးဦးဝင်းထိန်က ပြောကြားသည်။

လုံးခင်း၊ ဖားကန့်၊ မိုးညှင်း၊ မိုးကုတ်၊ နန့်ယားဆိပ်နှင့်မိုင်းရှူး ရတနာနယ်မြေများရှိ ကျောက်မျက် တူးဖော်ရေးလုပ်ကွက် ၃၀၀ မှာလာမည့် ၂၀၁၈ ခုနှစ် ဇန်နဝါရီတွင် သက်တမ်းကုန်ဆုံးကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

လုံးခင်း၊ ဖားကန့်၊ မိုးညှင်း၊ မိုးကုတ်၊ ခန္တီးနှင့် မိုင်းရှူးရတနာနယ်မြေများရှိ ကျောက်မျက်တူးဖော်ရေးလုပ်ကွက် ၃၄၃ ခုမှာ ဖေ ဖော်ဝါရီလတွင် သက်တမ်းကုန်ဆုံးကြောင်း သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

လုံးခင်း၊ ဖားကန့်၊ ခန္တီး၊ မိုးကုတ်နှင့် မိုးညှင်းရတနာနယ်မြေများရှိ ကျောက်မျက်တူးဖော်ရေးလုပ်ကွက် ၃၁၁ ခုမှာ ၂၀၁၇ ခုနှစ် စက်တင်ဘာတွင် သက်တမ်းကုန်ဆုံးခဲ့ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

လုံးခင်း၊ ဖားကန့်၊ ခန္တီး၊ မိုင်းရှူး၊ နန့်ယားဆိပ်၊ မိုးကုတ်နှင့် မိုးညှင်းရတနာနယ်မြေများရှိ ကျောက်မျက်တူးဖော်ရေးလုပ်ကွက် ၂၅၀၀ ကျော်မှာ ၂၀၁၇ ခုနှစ် သြဂုတ်တွင် သက်တမ်းကုန်ဆုံးခဲ့ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

လုံးခင်း၊ ဖားကန့်၊ ခန္တီး၊ မိုင်းရှူး၊ မိုးကုတ်နှင့် မိုးညှင်းရတ နာနယ်မြေများရှိ ကျောက်မျက်တူးဖော်ရေးလုပ်ကွက် ၉၀၀ ကျော်မှာ၂၀၁၇ ခုနှစ် ဇူလိုင်တွင် သက်တမ်းကုန်ဆုံးခဲ့ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

Most Read

Most Recent