ဒီပဲယင်းမြို့နယ်တွင် ပြည်ထောင်စုအစိုးရ ဘတ်ဂျက်ငွေဖြင့် ချထားပေးသည့် စာသင်ကျောင်း သုံးကျောင်းကို ကျောင်းကော်မတီဝင်များက တာဝန်ယူ ဆောက်နေရခြင်းကြောင့် တာဝန်ယူမှု တာဝန်ခံမှု ပျောက်ဆုံးနေကြောင်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ပြောကြား

ဒီပဲယင်းမြို့နယ်တွင် ပြည်ထောင်စုအစိုးရ ဘတ်ဂျက်ငွေဖြင့် ချထားပေးသည့် စာသင်ကျောင်း သုံးကျောင်းကို ကျောင်းကော်မတီဝင်များက တာဝန်ယူ ဆောက်နေရခြင်းကြောင့် တာဝန်ယူမှု တာဝန်ခံမှု ပျောက်ဆုံးနေကြောင်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ပြောကြား
Published 25 April 2018

ဒီပဲယင်းမြို့နယ်ရှိ ဂေါင်းစားမကျေးရွာ အခြေခံပညာ မူလတန်းကျောင်းခွဲအား တွေ့ရစဉ်

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ဒီပဲယင်းမြို့နယ်တွင် ပြည်ထောင်စုအစိုးရ ဘတ်ဂျက်ငွေဖြင့် ချထားပေးသည့် စာသင်ကျောင်း သုံးကျောင်းကို ကျောင်းကော်မတီဝင်များက တာဝန်ယူ ဆောက်နေရခြင်းကြောင့် တာဝန်ယူမှု တာဝန်ခံမှု ပျောက်ဆုံးနေကြောင်း ဒီပဲယင်းမြို့နယ် မဲဆန္ဒနယ်မြေ အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမိုးမင်းဝင်းက ပြောကြားသည်။

စာသင်ကျောင်းများ တည်ဆောက်ရာတွင် သက်ဆိုင်ရာ အကြီးအကဲ မရှိကြောင်း၊ ကျောင်းကော်မတီဝင်များ ဖွဲ့စည်းကာ တည်ဆောက်ရေးများ ပြုလုပ်နေရကြောင်း၊ စာသင်ကျောင်းများ တည်ဆောက်ရာတွင် အသုံးပြုထားသည့် အုတ်ခဲများသည်လည်း အရည်အသွေးမမီကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

“လောလောဆယ်ကတော့ အုတ်အရည်အသွေး ညံ့တယ်လို့ ကျွန်တော် ပြောနိုင်တာက သုံးပေအမြင့်ကနေ ချကြည့်တယ်။ အမှန်က သုံးပေအမြင့်ကနေ အုတ်ကိုယူပြီး မြေကြီးအောက်ကို ချလိုက်ရင် ချလိုက်တဲ့ အုတ်က မကျိုးရပါဘူး။ အခုဟာက သုံးပေအမြင့်ကနေ ပုံစံသုံးမျိုးနဲ့ ချတယ်။ သုံးမျိုးစလုံး ကျိုးပါတယ်။ အဲဒီတော့ ဒီအုတ်က ညံ့တယ်လို့ ကျွန်တော် ပြောနိုင်ပါတယ်။ ကျွန်တော် ပြောတာကို မယုံရင် သက်ဆိုင်ရာက QC အဖွဲ့တွေ သွားကြည့်ပါ။ သူတို့မှာလည်း တာဝန်ရှိပါတယ်။ လိုရင်းပြောရရင် တာဝန်ယူရတဲ့သူတွေရဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုတွေ ပျောက်ဆုံးနေတယ်” ဟု ၎င်းက ဆိုသည်။

အဆိုပါ စာသင်ကျောင်းများကို နိုင်ငံတော်က ကျောင်းတည်ဆောက် နိုင်ရေးအတွက် ငွေလောက်ငအောင် ပေးထားကြောင်း၊ ထို့ကြောင့် ကုန်ကျစရိတ်နှင့် လျော်ညီသော အရည်အသွေး ကောင်းမွန်သည့် အဆောက်အအုံများ ဖြစ်ရမည်ဖြစ်ကြောင်း၊ ၎င်းတို့လွှတ်တော် ကိုယ်စားများသည် တိုင်းပြည်ဘဏ္ဍာရေး ဆုံးရှုံးမှု မရှိစေရေးအတွက် မကောင်းလျှင် မကောင်းကြောင်း၊ ကောင်းလျှင် ကောင်းကြောင်းသာ ပြောဆိုသွားမည်ဖြစ်ကြောင်း ဦးမိုးမင်းဝင်းက ပြောကြားသည်။

ဒီပဲယင်းမြို့နယ်တွင် သက်ဆိုင်ရာဌာနမှ တစ်ဦးတစ်ယောက်မျှ မပါရှိဘဲ ကျောင်းကော်မတီဝင်များ ကိုယ်တိုင် တာဝန်ယူတည် ဆောက်နေရသည့် စာသင်ကျောင်း သုံးကျောင်းသည် ဂေါင်းစားမကျေးရွာ စာသင်ကျောင်း၊ ဆိတ်ခိုးတောတိုက် စာသင်ကျောင်းနှင့် လှေကဆောင်တောတိုက် စာသင်ကျောင်း တို့ဖြစ်ကြောင်း ယင်းစာသင်ကျောင်း သုံးကျောင်းသည် တာဝန်ယူထားသူများ၏ တာဝန်ယူမှု တာဝန်ခံမှု ပျောက်ဆုံးနေကြောင်း ဦးမိုးမင်းဝင်း၏ ပြောပြချက်အရ သိရသည်။

 

Most Read

Most Recent