အောင်လံပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ကုသသူ များပြားနေပြီး အသုံးများသည့် အချို့ဆေးဝါးများနှင့် ဆေးပစ္စည်းများ ပြတ်တောက်မှု မကြာခဏဖြစ်ပေါ်

အောင်လံပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ကုသသူ များပြားနေပြီး အသုံးများသည့် အချို့ဆေးဝါးများနှင့် ဆေးပစ္စည်းများ ပြတ်တောက်မှု မကြာခဏဖြစ်ပေါ်
Published 25 April 2018

အောင်လံမြို့နယ် ပြည်သူ့ဆေးရုံတွင် တက်ရောက်ကုသနေသည့် လူနာအချို့အား တွေ့ရစဉ်

ခုတင် ၅၀ ဆံ့အဆင့်ရှိသည့် မကွေးတိုင်းဒေသကြီး အောင်လံမြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် တစ်နေ့လျှင် ဆေးကုသသူ ၁၀၀ ခန့်အထိ များပြားနေ၍ အသုံးများသည့် အချို့ဆေးဝါးများနှင့် ဆေးပစ္စည်းများ ပြတ်တောက်မှု မကြာခဏ ဖြစ်ပေါ်နေကြောင်း သိရသည်။

လူနာများအတွက် အသုံးများသည့် ပိုးသတ်ဆေးများ၊ အစာအိမ်ဆေးများ စသော ဆေးဝါးများနှင့် ဆေးကုသရာတွင် အသုံးပြုသည့် ဆေးထိုးပိုက်များ၊ ခွဲစိတ်ရာတွင် အသုံးပြုသည့် လက်အိတ်များမှာ လာရောက် ကုသသည့်လူနာ များပြားနေသည့်အတွက် ပစ္စည်းပြတ်တောက်မှုများ မကြာခဏ ဖြစ်ပေါ်နေပြီး အလှူရှင်များက လှူဒါန်းမှုများ ပြုလုပ်နေရကြောင်း သိရသည်။

“ဒီမှာ တစ်နေ့ ပျမ်းမျှလူနာ ၁၀၀ လောက် တက်ရောက်နေတာပါ။ ခွဲစိတ်လူနာကလည်း တစ်လကို ၅၀ ကနေ ၁၀၀ ကျော်အထိ ရှိပါတယ်။ ဆေးဝါးခွဲတမ်းအရ ခုတင် ၅၀ စာပဲ ရတာဆိုတော့ တချို့အသုံးများတဲ့ ဆေးဝါးတွေ ပြတ်တောက်မှု ရှိပါတယ်။ နိုင်ငံတော်က ခြောက်လတစ်ကြိမ် ခွဲတမ်းနဲ့ ဆေးဝါးတွေ ပေးပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ဆီမှာ လူနာများတော့ အသုံးများတဲ့ ဆေးတချို့ ပြတ်တောက်တာ ရှိပါတယ်။ အသုံးများတဲ့ အခါကျတော့ ကျွန်တော်တို့ လက်အိတ်တွေ တင်ဒါရောက်တယ်။ တစ်လနှစ်လနဲ့ ကုန်သွားတယ်။ လက်ရှိ ဆေးထိုးပိုက်တွေ ကုန်သွားတယ်။ နောက် အသုံးများတဲ့ ပိုးသတ်ဆေး တချို့နဲ့ အစာအိမ်ဆေးတချို့ ပြတ်တာတွေ ရှိပါတယ်” ဟု အောင်လံ ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာမျိုးလွင်က ပြောကြားသည်။

၎င်းက “ဒါကို ကျွန်တော်တို့က တိုင်းအဆင့်၊ ခရိုင်အဆင့်ကိုလည်း တင်ပြပါတယ်။ တင်ပြလို့ ဆေးရတဲ့ အခါလည်း ရှိပါတယ်။ နောက်တစ်ခု တိုင်းက ဘယ်လိုလုပ်ပေးလဲဆိုတော့ တချို့မြို့နယ်တွေမှာ ပိုနေတဲ့ဆေးတွေကို ကျွန်တော်တို့ဆီကို ချပေးတာမျိုးတွေလည်း ရှိပါတယ်။ အသုံးအများဆုံးကတော့ အလှူရှင်တွေ လှူတာကိုပါ” ဟု ပြောကြားသည်။

“အရင်က အောင်လံဆေးရုံကြီးကို ဒီလောက် လာတက်တဲ့လူ မရှိဘူး။ ဒီဆေးရုံအုပ်ကြီး ပြောင်းလာမှ ဆေးရုံဆံ့တာထက် နှစ်ဆလောက် များလာတာပါ” ဟု အောင်လံမြို့ခံ တစ်ဦးက ဆိုသည်။

အဆိုပါ တက်ရောက်သူ များပြားပြီး ဆေးပြတ်တောက်မှုများကို ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်မှ စတင်ကြုံတွေ့လာရခြင်းဖြစ်ပြီး အလှူရှင်များ လှူဒါန်းသည့် ဆေးဝါးများဖြင့် ယင်းကြုံတွေ့လာရမှုကို အများဆုံး ဖြေရှင်းခဲ့ရကြောင်း သိရသည်။၂၀၁၇ ခုနှစ်အတွင်း အောင်လံဆေးရုံကြီး၏ လိုအပ်သည့် ဆေးဝါးများကို အလှူရှင်များက သိန်း ၁၀၀ ကျော်ဖိုးအထိ လှူဒါန်းမှုများ ပြုလုပ်ခဲ့ရကြောင်းလည်း သိရသည်။

Most Read

Most Recent