အလုပ်ရှင်က လုပ်အားခ တစ်လကျော် မရှင်းပေးသဖြင့် ထိုင်းနိုင်ငံ စာမွတ်ဆာခွန်ခရိုင်ရှိ ပုစွန်အလုပ်ရုံတစ်ခုတွင် လုပ်ကိုင်သည့် မြန်မာလုပ်သား ၃၀၀ ကျော် အလုပ်ရပ်နား ဆန္ဒပြ

အလုပ်ရှင်က လုပ်အားခ တစ်လကျော် မရှင်းပေးသဖြင့် ထိုင်းနိုင်ငံ စာမွတ်ဆာခွန်ခရိုင်ရှိ ပုစွန်အလုပ်ရုံတစ်ခုတွင် လုပ်ကိုင်သည့် မြန်မာလုပ်သား ၃၀၀ ကျော် အလုပ်ရပ်နား ဆန္ဒပြ
Published 25 April 2018

အလုပ်ရပ်နားကာ ဆန္ဒထုတ်ဖော်နေသည့် မြန်မာလုပ်သားများကို တွေ့ရစဉ်

ထိုင်းနိုင်ငံ စာမွတ်ဆာခွန်ခရိုင် မဟာချိုင်နယ်မြေရှိ ပုဇွန်အလုပ်ရုံတွင် အလုပ်လုပ်နေသည့် မြန်မာလုပ်သား ၃၀၀ ကျော်အား အလုပ်ရှင်မှ လုပ်အားခ တစ်လကျော်ကြာ မရှင်းပေးသည့်အတွက် အလုပ်သမားများက ဧပြီ ၂၄ ရက် နံနက်ပိုင်းမှ စတင်ပြီး အလုပ်ရပ်နား ဆန္ဒပြတောင်းဆို ခဲ့ကြကြောင်း သိရသည်။

MoU နစ်ဖြင့် လာရောက် လုပ်ကိုင်သည့် အလုပ်သမား ၂၀၀ ကျော်အပါအဝင် အခြား မြန်မာအလုပ်သမား ၁၀၀ ကျော် စုစုပေါင်း မြန်မာအလုပ်သမား ၃၀၀ ကျော် အလုပ်လုပ်ကိုင်နေသည့် အဆိုပါ အလုပ်ရုံတွင် အလုပ်သမားများ အနေဖြင့် လုပ်အားခ မရရှိသည်မှာ တစ်လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည့်အတွက် လုပ်အားခ ရှင်းပေးရန်အတွက် အလုပ်ရပ်နား ဆန္ဒပြခဲ့ခြင်းဖြစ်ပြီး ယင်းအခြေအနေကို ထိုင်းအစိုးရ အလုပ်သမား ကာကွယ်စောင့်ရှောက်ရေးဌာနသို့ တိုင်ကြားထားပြီး စက်ရုံနှင့် ညှိနှိုင်းနေကြောင်း ကူညီပေးနေသည့် AAC အဖွဲ့မှ ကိုရဲမင်းက ပြောကြားသည်။

“အခုဆန္ဒပြတဲ့ အလုပ်ရုံက မဟာချိုင်က ပုဇွန်စက်ရုံတစ်ရုံမှာပါ။ MoU အလုပ်သမား ၂၀၀ ကျော်နဲ့ အခြားအလုပ်သမား ၁၀၀ ကျော် စုစုပေါင်း ၃၀၀ ကျော် ဆန္ဒပြတာ ဖြစ်ပါတယ်။ ဆန္ဒပြရတဲ့ အကြောင်းအရင်းက လုပ်အားခ မရှင်းတာ တစ်လနဲ့ငါးရက် ရှိသွားပြီ ဖြစ်တဲ့အတွက် လုပ်အားခပေးဖို့ တောင်းဆိုတာပါ” ဟု ကိုရဲမင်းက ပြောကြားသည်။

ယင်းသို့အလုပ်သမားများ ဆန္ဒပြမှုကြောင့် သက်ဆိုင်ရာ ထိုင်းအလုပ်သမား ကာကွယ်စောင့်ရှောက်ရေးမှ တာဝန်ရှိသူများ၊ အလုပ်သမား ခေါင်းဆောင်များနှင့် စက်ရုံဘက်မှ တာဝန်ရှိသူများ အလုပ်ရုံထဲတွင် ညှိနှိုင်းဆောင်ရွက် နေဆဲဖြစ်ပြီး မြန်မာသံရုံး အလုပ်သမား သံအရာရှိများ အနေဖြင့် လာရောက် ဖြေရှင်းပေးခြင်း မရှိသေးကြောင်း ကိုရဲမင်းက ဧပြီ ၂၄ ရက်တွင် ပြောကြားသည်။

“အခုချိန်ထိတော့ ပြေလည်မှု မရရှိသေးဘူး။ ထိုင်းအလုပ်သမား ကာကွယ်စောင့်ရှောက်ရေးဌာနမှ အခုအလုပ်သမားတွေနဲ့အတူ ကျွန်တော်တို့ ညှိနှိုင်းဆောင်ရွက် ပေးနေပါတယ်။ ဒီလိုမျိုး လုပ်အားခတွေ မရရှိတဲ့အတွက် ဖြေရှင်းဆောင်ရွက်ပေးဖို့ သက်ဆိုင်ရာ မြန်မာသံရုံး သံအရာရှိတွေကို ဖုန်းဆက် အကြောင်းကြားပါတယ်။ ဒါပေမဲ့ သံအရာရှိတွေ ဖုန်းမကိုင်ပါဘူး။ ပထမ သံအရာရှိ တစ်ယောက် ဖုန်းကိုင်တယ်။ ပြီးတော့ ဖုန်းချသွားတယ်။ ထပ်ခေါ်တော့ မကိုင်တော့ဘူး။ ဒီလိုမျိုး အလုပ်သမား ၃၀၀ ကျော် လုပ်အားခမရတဲ့ ပြဿနာ ဖြစ်နေတာကို သံအရာရှိတွေအနေနဲ့ လာမဖြေရှင်းပေးဘူးဆိုရင် ဘာလုပ်ဖို့ သူတို့ကို ထိုင်းမှာ သံအရာရှိခန့်ထားတာလဲလို့ ကျွန်တော် မေးချင်ပါတယ်” ဟု ကိုရဲမင်းက ပြောကြားသည်။

ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်းမြန်မာလုပ်သား သန်းနှင့်ချီ အလုပ်လုပ်ကိုင်နေကြပြီး လုပ်အားခ ခေါင်းပုံဖြတ်ခံရခြင်းများ၊ အလုပ်သမား အခွင့်အရေး ချိုးဖောက်ခံရခြင်းများ ရှိနေဆဲဖြစ်သလို လစဉ် ထိုင်းနိုင်ငံသို့ နယ်စပ်ဂိတ်ပေါက်မှတစ်ဆင့် တရားဝင် ဝင်ရောက်ပြီး အလုပ်လုပ်ကိုင်သူ  တစ်သောင်းခွဲခန့် ပုံမှန်ရှိနေသည်။

တရားမဝင် အလုပ်သမားများကို ကန့်သတ်ရန်အတွက် ထိုင်းအစိုးရ မှ ၂၀၁၇ ခုနှစ် အတွင်းက နိုင်ငံခြားသား အလုပ်သမား စီမံခန့်ခွဲရေး အက်ဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး အဆိုပါဥပဒေအရ တရားမဝင် အလုပ်လုပ်ကိုင်သည့် အလုပ်သမားနှင့် အလုပ်ရှင်အား ပြင်းထန်သည့် ထောင်ဒဏ်၊ ငွေဒဏ်များ ချမှတ်မည်ဖြစ်ကြောင်း ထိုင်းအလုပ်သမား ဝန်ကြီးဌာနက ပြောကြားထားသည်။

 

Most Read

Most Recent