အခြေခံလူ့အခွင့်အရေး ဖောက်ဖျက်မှုနှင့် အခြားစွပ်စွဲချက်များဖြင့် မြန်မာ့တပ်မတော်အား အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံးက အရေးယူပေးရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီထံ ကချင်တိုင်းရင်းသား အရပ်ဘက်အဖွဲ့အစည်း ၃၂ ဖွဲ့ တိုင်ကြားစာပေးပို့

အခြေခံလူ့အခွင့်အရေး ဖောက်ဖျက်မှုနှင့် အခြားစွပ်စွဲချက်များဖြင့် မြန်မာ့တပ်မတော်အား အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံးက အရေးယူပေးရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီထံ ကချင်တိုင်းရင်းသား အရပ်ဘက်အဖွဲ့အစည်း ၃၂ ဖွဲ့ တိုင်ကြားစာပေးပို့
Published 25 April 2018

အခြေခံလူ့အခွင့်အရေး ဖောက်ဖျက်မှုနှင့် အခြားစွပ်စွဲချက်များဖြင့် မြန်မာ့တပ်မတော်အား အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံးမှ အရေးယူပေးရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီထံ ပြည်တွင်းနှင့် နိုင်ငံတကာရှိ ကချင်တိုင်းရင်းသား အရပ်ဘက်အဖွဲ့အစည်းပေါင်း ၃၂ ဖွဲ့က ဧပြီ ၂၃ ရက်နေ့စွဲဖြင့် တိုင်ကြားစာပေးပို့ခဲ့ကြောင်း သတင်းရရှိသည်။

ကချင်တိုင်းရင်းသား အရပ်ဘက်အဖွဲ့အစည်း ၃၂ ဖွဲ့က ထုတ်ပြန်ခဲ့သော တိုင်ကြားစာတွင် ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ကရင်ပြည်နယ် အပါအဝင် အခြားတိုင်းရင်းသားလူမျိုးစုများအား တပ်မတော်က တိုက်ခိုက်ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ အကျဉ်းသားများအဖြစ် ဖမ်းဆီးကာ အလုပ်ကြမ်းခိုင်းခြင်း၊ အဓမ္မပြုကျင့်ခြင်း၊ မြေနှင့်အိမ်ယာများ သိမ်းပိုက်ခြင်းနှင့် အခြားလူ့အခွင့်အရေး ချိုးဖောက်မှုများအား ရာစုနှစ်ပေါင်းများစွာပြုလုပ်ခဲ့ပြီး ယခုအချိန်ထိကျူးလွန်ဆဲဖြစ်ကြောင်း စွပ်စွဲထားသည်။

“အဓိက,ကတော့ ကျွန်မတို့က UN Mechanism ကို အားကိုးတဲ့သဘောပါ။ အခုလောလောဆယ် ကချင်ဒေသမှာဆိုရင် တိုက်ပွဲတွေက တစ်နေရာပြီးတစ်နေရာ ဆက်ဖြစ်နေတယ်။ ပြီးလို့ရှိရင် ဒုက္ခသည်တွေကိုလည်း အခုချိန်ထိ ဥပမာဆိုရင် အောင်လောက်က ဒုက္ခသည်တွေဆိုရင် အခုချိန်အထိ မထွက်လာသေးဘူး။ ထွက်လာလို့လည်း မရသေးဘူး။ အဲဒီလိုမျိုး အခြေအနေမျိုးမှာဆိုလို့ရှိရင် နောက်ဆုံးကတော့ ဒီဟာက တိုင်းပြည်တစ်ခုလုံးထဲမှာ ထိခိုက်နစ်နာနေတာ အခုမှ မဟုတ်ဘူး။ ဥပမာဆိုရင် ၈၈ တုန်းကရော ပြီးရင် ၉၀ ပတ် ဝန်းကျင်အထိပေါ့လေ။ အရမ်းဒုက္ခရောက်ခဲ့ကြရတယ်။ အဲဒီတော့ အခုလောလောဆယ် အနေနဲ့ဆိုရင် ဒီဟာက Crime ဆိုတဲ့ဟာနဲ့ တိုက်ရိုက်သက်ဆိုင်နေပြီ။ ပြီးရင် Crime Agent to Military ဆိုတဲ့ဟာနဲ့လည်း တိုက်ရိုက်ပတ်သက်နေပြီပေါ့။ ဆိုတော့ ဒါမျိုးက ကျူးလွန်သူကပဲ တာဝန်ယူဖို့ ဖြစ်ပါတယ်” ဟု တိုင်ကြားမှုတွင်ပါဝင်သည့် ကချင်ငြိမ်းချမ်း ရေးကွန်ရက်မှ ဒေါ်ခွန်ဂျာက ပြောကြားသည်။

အဆိုပါတိုင်ကြားစာကို ကုလသမဂ္ဂလုံခြုံရေးကောင်စီကို တင်ရခြင်းမှာ အဖွဲ့ဝင်နိုင်ငံများက အရေးယူအကောင်အထည်ဖော်ရန်အတွက်ဖြစ်ပြီး တိုင်ကြားစာကို လက်ခံရရှိကြောင်းလည်း အကြောင်းကြားစာပြန်လည် ရရှိပြီဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

“အဓိက,ကတော့ Violation ထဲမှာဆိုရင် ဒီဟာ ဒီဟာတွေကို အရေးယူဖို့ သင့်တော်ပါပြီဆိုတဲ့ အချက်အလက်ကိုလည်း ထည့်လိုက်တာ ဖြစ်ပါတယ်။ ဒုတိယအနေနဲ့ကတော့ ဒီလိုကိစ္စမျိုးတွေ ဆက်လက်ကျူးလွန်ဖို့ မပြုအောင် အရေးယူဆောင်ရွက်ပေးဖို့ဆိုတာမျိုးပါ” ဟု ဒေါ်ခွန်ဂျာက ပြောကြားသည်။

ကချင်ပြည်နယ်တွင် တပ်မတော်နှင့် ကေအိုင်အေအဖွဲ့အစည်းကြားတွင် ဖြစ်ပွားနေဆဲဖြစ်သော တိုက်ပွဲများကြောင့် ထောင်နှင့်ချီသော ကချင်တိုင်းရင်းသားများ နေရပ်စွန့်ခွာထွက်ပြေးခဲ့ရပြီး လွန်ခဲ့သည့်လပိုင်းကာလများတွင် တပ်မတော်၏ လက်နက်ကြီး ပစ်ခတ်ခဲ့မှုများကြောင့်ဟုဆိုကာ ကချင်တိုင်းရင်းသားသုံးဦး သေဆုံးခဲ့ကြောင်းနှင့် ကရင်ပြည်နယ်တွင် တက်ကြါလှုပ်ရှားသူ ကရင်တိုင်းရင်းသားတစ်ဦး သေဆုံးခဲ့ကြောင်းကိုလည်း တိုင်ကြားစာတွင် ထည့်သွင်းဖော်ပြထားသည်။

ထို့ပြင် ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်များအပေါ် ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများက အာရုံစူးစိုက်မှုရှိသော်လည်း ယခုလက်ရှိအချိန်ထိ တပ်မတော်က ကျူးလွန်ခဲ့သော စစ်ရာဇဝတ်မှု မြောက်မြားစွာနှင့် သင့်တော်သည့်အရေးယူမှုများ၊ တိုက်ပွဲများကြောင့် ကြားညပ်နေသည့် ပြည်သူပြည်သားများအား ထိရောက်စွာ ကယ်ဆယ်စောင့်ရှောက်နိုင်ရေးနှင့် တရားဥပဒေစိုးမိုးရေးအား မဆောင်ရွက်နိုင်သော အရပ်သားဒီမိုကရေစီ အစိုးရထံသို့ လုံလောက်မည့်အကူအညီများ မပေးအပ်နိုင်ခဲ့သောကြောင့် ကုလသမဂ္ဂအပါအဝင် အခြားနိုင်ငံတကာအဖွဲ့အစည်းများက ၎င်းတို့၏ တာဝန်မကျေပွန်ခဲ့ကြောင်းလည်း တိုင်ကြားစာတွင် ရေးသားထားသည်။

ကုလသမဂ္ဂအနေဖြင့် ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသော စစ်ပွဲများနှင့် တိုင်းရင်းသားဒုက္ခသည်များ၏ အသက်အန္တရာယ်လုံခြုံရေးနှင့် လူသားချင်းစာနာထောက်ထားရေး ထောက်ပံ့မှုများအတွက် အထူးကိုယ်စား    လှယ်တစ်ဦး ခန့်အပ်ပေးသင့်ကြောင်းလည်း တိုင်ကြားစာတွင် တောင်းဆိုထားသည်။

ဆက်လက်၍ တရုတ်၊ အိန္ဒိယ၊ အမေရိကန်နှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများအား ကချင်ပြည်နယ်တွင် ပြင်းထန်စွာဖြစ်ပွားနေသော တိုက်ပွဲများ ရပ်တန့်စေရေးကြားဝင် ဆွေးနွေးစေလိုကြောင်း၊ ကုလသမဂ္ဂလုံခြုံရေးကောင် စီအဖွဲ့ဝင်များ သဘောတူညီချက်တစ်ခု အမြန်ဆုံးရရှိရန်လုပ်ဆောင်ပြီး မြန်မာနိုင်ငံအရေးအား အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံးတွင် ကိုင်တွယ်နိုင်ရေးအတွက် တင်ပြစေလိုကြောင်း တိုင်ကြားစာတွင် ဖော်ပြထားသည်။

အဆိုပါတိုင်ကြားစာတွင် လက်မှတ်ရေးထိုးခဲ့သော ကချင်အရပ်ဘက်အဖွဲ့အစည်း ၃၂  ဖွဲ့မှာ မလေးရှား၊ ဂျပန်၊ စင်ကာပူ၊ ဒိမ်းမတ်၊ နော်ဝေ၊ ထိုင်း၊ ကနေဒါ၊ အင်္ဂလန်၊ အိန္ဒိယ၊ နယူးဇီလန်၊ ဆွီဒင်၊ ဂျာမနီ စသည့်နိုင်ငံများတွင် အခြေစိုက်ထားသော အဖွဲ့များဖြစ်ကြောင်း သိရသည်။