ပြည်တွင်းစားသုံးဆီ ထုတ်လုပ်မှုကဏ္ဍဖွံ့ဖြိုးရေး ဆီလုပ်ငန်းရှင်များနှင့် ဆီထွက်သီးနှံစိုက်ပျိုးသည့် တောင်သူတို့ပူးပေါင်းပြီး အကျိုးတူလယ်ယာစိုက်ပျိုးမှုစနစ် ဖော်ဆောင်မည့်အစီအစဉ်များ ဆွေးနွေး

ပြည်တွင်းစားသုံးဆီ ထုတ်လုပ်မှုကဏ္ဍဖွံ့ဖြိုးရေး ဆီလုပ်ငန်းရှင်များနှင့် ဆီထွက်သီးနှံစိုက်ပျိုးသည့် တောင်သူတို့ပူးပေါင်းပြီး အကျိုးတူလယ်ယာစိုက်ပျိုးမှုစနစ် ဖော်ဆောင်မည့်အစီအစဉ်များ ဆွေးနွေး
Published 25 April 2018

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြေပဲစိုက်ခင်းတစ်နေရာကို တွေ့ရစဉ်

မြန်မာနိုင်ငံ၏ ပြည်တွင်းစားသုံးဆီထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးရေး ဆီလုပ်ငန်းရှင်များနှင့် ဆီထွက်သီးနှံစိုက်ပျိုးသည့် တောင်သူတို့ပူးပေါင်းကာ Contract Farming ဖော်ဆောင်မည့် အစီအစဉ်များကို ဧပြီ ၂၃ ရက်က ဆွေးနွေးခဲ့ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ သိရသည်။

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကျော်ဝင်းသည် မြန်မာနိုင်ငံ ဆီစက်လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများ၊ မကွေးတိုင်းဒေသကြီးအတွင်းရှိ ဆီစက်လုပ်ငန်းရှင်များ၊ မကွေးမြို့နယ်နှင့်  အောင်လံမြို့နယ်တို့မှ ဆီထွက်သီးနှံစိုက်ပျိုးသည့် တောင်သူများနှင့် ဧပြီ ၂၃ ရက်က မကွေးမြို့၌ တွေ့ဆုံခဲ့သည်။

အဆိုပါတွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၏ ပြည်တွင်းစားသုံးဆီ ထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်မှပံ့ပိုးဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေများ၊ ဆီလုပ်ငန်းရှင်များ နှင့် ဆီထွက်သီးနှံစိုက်ပျိုးသည့် တောင်သူတို့ Contract Farming ဖော်ဆောင်မည့်  အစီအစဉ်များကို ရှင်းလင်းဆွေးနွေးရာတွင်  ဆီထွက်သီးနှံများ စိုက်ပျိုးမှုအတွက် မျိုးကောင်းမျိုးသန့်ရရှိရေး၊ နည်းပညာနှင့် ခေတ်မီလယ်ယာသုံးစက်ကိရိယာများ ပိုမိုအသုံးချရေး၊ ဧကအထွက်နှုန်းတိုးတက်အောင် ဆောင်ရွက်၍ ထုတ်လုပ်မှုကုန်ကျစရိတ်များ သက်သာစေရေးနှင့် စားသုံးသူတို့ အန္တရာယ်ကင်းရှင်းသော အရည်အသွေးမြှင့်ထုတ်ကုန်များ တိုးတက်ထုတ်လုပ်နိုင်ရေးအတွက် နိုင်ငံတော်မှ ချေးငွေပံ့ပိုးမည့် အစီအစဉ်များ၊ သက်ဆိုင်ရာဝန်ကြီးဌာနများ၊  အသင်းအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အစီအစဉ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

တက်ရောက်လာသော တောင်သူလယ်သမားများက ကြုံတွေ့နေရသော အရည်အသွေးမပြည့်မီသည့် သွင်းအားစုအခြေအနေများ၊ လုပ်သားအင်အားမပြည့်စုံသည့် အခက်အခဲများ၊ မိရိုးဖလာစိုက်ပျိုးမှုစနစ်၏ အတွေ့အကြုံများနှင့် ထုတ်ကုန်စွမ်းအားမြင့် ခေတ်မီနည်းစနစ်တို့ ပေါင်းစပ်လုပ်ကိုင်နိုင်မည့် အခြေအနေတို့ကို ဆွေးနွေးခဲ့ကြသည်။

မြန်မာနိုင်ငံ၏ ဆီစားသုံးမှုနှုန်းသည် တန်ချိန် ၁ ဒသမ ၁ သန်းခန့်ရှိပြီး ပြည်ပမှ လစဉ်ပုံမှန် စားသုံးဆီတန်ချိန် ခုနစ်သောင်းခန့်အထိ တင်သွင်းနေရကြောင်း ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၂၅ ရက်ကပြုလုပ်သည့် မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင်များအသင်း၊ ပထမအကြိမ် အသင်းသားစုံညီ နှစ်ပတ်လည်အခမ်းအနားမှ သိရသည်။

ပြည်တွင်း၌ စားသုံးဆီထုတ်လုပ်မှုဖူလုံစေရန်နှင့် ဘေးအန္တရာယ်ကင်းရှင်းပြီး ကျန်းမာရေးနှင့်ညီညွတ်သော စားသုံးဆီများကို ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ရေး ရည်မှန်းချက်ထားပြီး အကောင်အထည်ဖော်ဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင်များအသင်းဥက္ကဋ္ဌ ဦးခင်စိုးက ပြောကြားသည်။

Most Read

Most Recent