ဥရုချောင်း အတွင်းပိုင်းရှိ ကျေးရွာများ အဓိက အသုံးပြုနေသော နမ်ဖယ်ချောင်းကူးတံတား ပျက်စီးနေသဖြင့် ဒေသခံများ သွားလာရခက်ခဲနေ

ဥရုချောင်း အတွင်းပိုင်းရှိ ကျေးရွာများ အဓိက အသုံးပြုနေသော နမ်ဖယ်ချောင်းကူးတံတား ပျက်စီးနေသဖြင့် ဒေသခံများ သွားလာရခက်ခဲနေ
Published 24 April 2018

ဥရုချောင်း အတွင်းပိုင်းရှိ ကျေးရွာများ အဓိက အသုံးပြုနေသော နမ်ဖယ်ချောင်းကူးတံတား ပျက်စီးနေသည်ကို တွေ့ရစဉ်

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် ဥရုချောင်း အတွင်းပိုင်းရှိ ကျေးရွာများ  အဓိက အသုံးပြုနေသော နမ်ဖယ်ချောင်းကူးတံတား ပျက်စီးနေသဖြင့် ဒေသခံများ သွားလာရ ခက်ခဲနေကြောင်း သိရသည်။

တံတားဆောက်လုပ်ခဲ့သည်မှာ ငါးနှစ်ကျော်ခန့်ရှိပြီဖြစ်ပြီး သစ်သားတံတား အမျိုးအစားဖြစ်ကာ အရှည် ပေ ၁၂၀ ခန့်နှင့် အကျယ် ပေ ၂၀ ခန့်ရှိသော သစ်သားတံတား အမျိုးအစားဖြစ်ကာ ပျက်စီးနေသည်မှာ နှစ်လကျော်ရှိနေပြီ ဖြစ်ကြောင်း သိရသည်။

တံတားပျက်စီးနေသဖြင့် ကားများဖြတ်သန်း၍ မရဘဲ တံတား၏ အောက်ဘက်တွင် ယာယီတံတား ပြုလုပ်၍ ဖြတ်သန်းနေရပြီး ဆိုင်ကယ်ဖြင့် ဖြတ်သန်းသူများလည်း သွားလာရခက်ခဲနေကြောင်း နမ့်တောကျေးရွာနေ ဦးကျော်စိုးမြင့်၏ ပြောကြားချက်အရ သိရသည်။

“တံတားကပျက်နေတော့ ကားတွေက လုံးဝသွားလို့မရဘူး။ ကားတွေသွားဖို့ တံတားအောက်ဘက်မှာ ယာယီတံတားလေး တစ်ခုထိုးပြီး သွားနေကြတယ်။ ဆိုင်ကယ်နဲ့တော့ ဖြတ်လို့ရသေးတယ် ဆိုပေမယ့် တော်တော် အန္တရာယ်များတယ်။ တံတားကြမ်းခင်းက ဟိုဘက်ဒီဘက် ကျိုးနေပြီးတော့ မဆက်တော့ဘဲ အလယ်မှာဟနေတာ။ ပြီးတော့ အောက်ကတိုင်ကလည်း တော်တော်ကိုယိုင်နေပြီ။ တံတားပေါ်မှာလည်း ဆိုင်ကယ်တစ်စီးစာလောက်ပဲ သွားလို့ရတော့တယ်။ ဟိုဘက်ဒီဘက်လာတဲ့ ဆိုင်ကယ်နှစ်စီး အလယ်မှာ ဆုံမိရင် ဖြတ်မောင်းစရာ မရှိဘူး။ နောက်ပြီး အကြောင်းမသိတဲ့ လူတွေက ညဘက် အရေးတကြီး ဖြတ်မောင်းမိရင် မတော်တဆ တစ်ခုခုဖြစ်နိုင်တယ်” ဟု ဦးကျော်စိုးမြင့်က ပြောကြားသည်။

လက်ရှိအချိန်တွင် တံတားပြင်ဆင်မှု ပြုလုပ်သည်ကို မတွေ့ရသေးကြောင်းနှင့် မိုးမဝင်မီ မပြင်ဆင်နိုင်ပါက မိုးတွင်းတွင် ဥရုချောင်းအတွင်းဘက်ရှိ ကျေးရွာများ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှု ဖြစ်ပေါ်နိုင်ကြောင်း ဦးကျော်စိုးမြင့်က ဆက်လက် ပြောကြားသည်။

“တံတားဘေးမှာ ပျဉ်တွေ အသားတွေ ပုံထားတာတော့တွေ့တယ်။ ဒါပေမဲ့ အခုထိမပြင်သေးဘူး။ ကျွန်တော်တို့ဒေသက မေလလယ်လောက်ဆိုရင် မိုးဝင်ပြီ။ နမ်ဖယ်ချောင်း ဆိုတာက နွေရာသီ ရေနည်းပေမယ့် မိုးရာသီမှာ ရေအရမ်းများပြီး ရေစီးသန်တယ်။ ဖြတ်လို့မရဘူး။ မနှစ်ကလည်း ရေစီးကြောင့် တံတားမျောပါမလိုဖြစ်လို့ အချိန်မီ ပြင်လိုက်ရတယ်။ ဒီနှစ်တော့ အခုလိုလည်း ပျက်နေတော့ မိုးတွင်းရေနဲ့ဆို သေချာပေါက် ပျက်နိုင် မျောနိုင်တယ်။ ဒါကြောင့် ဒါကို အချိန်မီ ပြင်ဆင်ပေးဖို့ သက်ဆိုင်ရာကို တင်ပြထားရတယ်။ မိုးတွင်းရေနဲ့ တံတားပါသွားခဲ့ရင် ကျွန်တော်တို့ နမ်တော အပါအဝင် ဥရုအတွင်းဘက်ရွာတွေ အကုန်လုံး အဆက်အသွယ် ပြတ်နိုင်တယ်။ ဟုမ္မလင်း ထွက်တဲ့လမ်းက ဒီတစ်လမ်းပဲရှိပြီး ရှောင်ပြီးသွားစရာ လမ်းလည်းမရှိဘူး” ဟု ဦးကျော်စိုးမြင့်က ဆက်လက် ပြောကြားသည်။

ယခုအချိန်တွင် နမ်ဖယ်ချောင်းတံတားကို ဆက်လက်အသုံးပြုနေဆဲဖြစ်ပြီး ထိုတံတားကို အသုံးပြု ဖြတ်သန်းသွားလာနေသော ကျေးရွာပေါင်း ၃၀ ခန့် ရှိကြောင်း သိရသည်။

 

Most Read

Most Recent