လွှတ်တော်ကိုယ်စားလှယ်သုံးဦး ပါတီစည်းကမ်းဖောက်ဖျက်မှုဖြင့် NLD ပါတီ အရေးယူမည်

လွှတ်တော်ကိုယ်စားလှယ်သုံးဦး ပါတီစည်းကမ်းဖောက်ဖျက်မှုဖြင့် NLD ပါတီ အရေးယူမည်
Published 24 April 2018

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင် လွှတ်တော်ကိုယ်စားလှယ်သုံးဦးအား ပါတီစည်းကမ်းဖောက်ဖျက်မှုဖြင့် အရေးယူရန် ဧပြီ ၂၂ ရက် ကပြုလုပ်သည့် ပါတီဗဟိုအလုပ် အမှုဆောင်အဖွဲ့အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ကြောင်း လွှတ်တော်ကိုယ်စားလှယ်များ တိုင်ကြားစာဌာနတာဝန်ခံ ဒေါက်တာမျိုးညွန့်က ပြောကြားသည်။

အဆိုပါ အရေးယူမည့် လွှတ်တော်ကိုယ်စားလှယ်သုံးဦးတွင် တိုင်းဒေသကြီးအဆင့် လွှတ်တော်ကိုယ်စားလှယ် နှစ်ဦးပါဝင်ကြောင်း သိရသည်။

“ကျွန်တော်တို့ကတော့ ပုံမှန်လုပ်ငန်းပါပဲခင်ဗျ။ ကျွန်တော်တို့က လွှတ်တော်ကိုယ်စားလှယ် တိုင်ကြားစာဌာနကို တက်လာတဲ့ တိုင်စာတွေနဲ့ပတ်သက်ပြီးတော့ စိစစ်ပြီးတဲ့ အမှုတွေကို ဗဟိုအလုပ် အမှုဆောင်အဆုံးအဖြတ်ခံယူဖို့ ကျွန်တော်တို့က အစီရင်ခံစာ တင်ပြရပါတယ်။ သုံးဦးပေါ့။ ကျွန်တော်တို့က ပါတီစည်းကမ်းဖောက်ဖျက်ကြောင်း ပေါ်ပေါက်တယ်လို့ တင်ပြလိုက်တဲ့အခါမှာ ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ဒါကိုလက်ခံပြီးတော့ အရေးယူဖို့ ဆုံးဖြတ်လိုက်တာပါ” ဟု ဒေါက်တာမျိုးညွန့်က ပြောကြားသည်။

လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ပြုမူဆောင်ရွက်ရမည့် အပြုအမူများနှင့် မညီညွတ်ခြင်း၊ လုပ်ငန်းလုပ်ဆောင်ရာတွင် လုပ်ထုံးလုပ်နည်းနှင့် မလုပ်ဆောင်ခြင်း၊ ငွေစာရင်းရှင်းလင်းမှုများတွင် တိကျမှန်ကန်မှုများ မရှိခြင်းစသည့် အချက်များကြောင့် ပါတီဗဟို အလုပ်အမှုဆောင်အဖွဲ့သို့တင်ပြကာ အရေးယူရခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ထို့ပြင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးတွင် NLD ပါတီ ဒုတိယအကြိမ် နိုင်ငံလုံးဆိုင်ရာ ပါတီညီလာခံ ကျင်းပနိုင်ရေးအတွက် ညီလာခံသို့တက်ရောက်မည့် ကိုယ်စားလှယ်များ ရွေးချယ်စေလွှတ်ခြင်းဆိုင်ရာ ကိစ္စရပ်များကိုလည်း ဆွေးနွေးဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent