တနိုင်းဒေသ အောင်လောဒ်ကျေးရွာသို့ ကြက်ခြေနီအဖွဲ့ အကူအညီရောက်ရှိခဲ့သော်လည်း ကျေးရွာသားများတောထဲတွင် ပုန်းရှောင်နေဆဲဖြစ်သဖြင့် မကူညီခဲ့ရဟုဆို

တနိုင်းဒေသ အောင်လောဒ်ကျေးရွာသို့ ကြက်ခြေနီအဖွဲ့ အကူအညီရောက်ရှိခဲ့သော်လည်း ကျေးရွာသားများတောထဲတွင် ပုန်းရှောင်နေဆဲဖြစ်သဖြင့် မကူညီခဲ့ရဟုဆို
Published 24 April 2018

လူမှုကွန်ရက်စာမျက်နှာတွင် ပျံ့နှံ့နေသော တောတွင်း၌ပုန်းရှောင်နေဆဲဖြစ်သည့် အမျိုးသမီးနှင့်ကလေးငယ်များကို ရိုက်ကူးထားသည့် ဓာတ်ပုံအား တွေ့ရစဉ်

တနိုင်းဒေသ အောင်လောဒ်ကျေးရွာသို့ အကူအညီသွားသည့် ကြက်ခြေနီအဖွဲ့ တိမ်းရှောင်နေသည့် ကျေးရွာသားများကို မကူညီခဲ့ရကြောင်း ရပ်မိရပ်ဖများနှင့် လွှတ်တော်ကိုယ်စားလှယ်များက ပြောကြားသည်။

မြစ်ကြီးနားမြို့အခြေစိုက် ကြက်ခြေနီအဖွဲ့များသည် ကချင်ပြည်နယ် အစိုးရအဖွဲ့နှင့်ညှိနှိုင်းကာ မြစ်ကြီးနားမှ ဧပြီ ၁၉ ရက်တွင် ထွက်ခွာခဲ့ပြီး ဧပြီ ၂၀ ရက် ညနေပိုင်းတွင် အောင်လောဒ်ကျေးရွာသို့ ရောက်ရှိခဲ့ကြောင်း သိရသည်။

တနိုင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလင်းလင်းဦးက “ဧပြီ ၂၂ ရက် ညနေပိုင်းမှာတော့ ကြက်ခြေနီအဖွဲ့တွေ တနိုင်းမြို့ပေါ်ကို ရောက်ပါပြီ။ ကျွန်တော်တို့ အောင်စိုးမိုးကျေးရွာမှာ သွားကြိုတယ်။ ရွှေ့ပြောင်းလုပ်သား ၂၂၅ ဦး ပါလာတယ်။ တချို့က ဆိုင်ကယ်နဲ့၊ တချို့က ကြက်ခြေနီကားနဲ့ ပြန်လာကြတယ်။ တရုတ်နိုင်ငံသား ခုနစ်ဦးလည်း ပါလာတယ်။ သူတို့ကိုတော့ လူဝင်မှုကြီးကြပ်ရေးအဖွဲ့က လဝကအက်နဲ့ အမှုဖွင့်ထားတယ်။ ရွာသားတွေကိုတော့ မတွေ့လိုက်ရတော့ မကူညီလိုက်ရတဲ့သဘောပေါ့။ ကျေးရွာမှာက တပ်မဟာ (၂)အခြေစိုက် ကျေးရွာတွေဆိုတော့ တပ်မတော်ဘက်က စစ်ဆေးတာ၊ ဖမ်းဆီးတာတွေ စိုးရိမ်ကြတာတွေ ရှိနေပုံရတယ်။ တောတောင်ထဲမှာတော့ ဒုက္ခဖြစ်ကြမှာပေါ့။ လူပေါင်း ၁၈၀၀ လောက် တောတောင်တွေထဲရှိနေသေးတယ်လို့ ပြန်လာတဲ့သူတွေက ခန့်မှန်းနေကြတယ်။ သုံးရွာဆိုတော့ များတယ်လေ။ မနေ့က တပ်က အရပ်သားတွေကို ဖမ်းဆီးတာ၊ စစ်ဆေးတာတွေ ရှိသလားလို့ တာဝန်ရှိသူတွေ မေးကြည့်တော့ မရှိဘူးလို့ သိရတယ်။ ဒီရက်ပိုင်းပေါ့” ဟု ပြောကြားသည်။

တနိုင်းဒေသတွင်တိုက်ပွဲများကြောင့် ရှောင်တိမ်းနေသူ အောင်လောဒ်ရွာသားများ ပြန်လာရေး တပ်မတော်က တနိုင်းမြို့တွင်း ဧပြီ ၁၈ ရက်က လှည့်လည်ကြေညာထားသည်။

အောင်လောဒ်ကျေးရွာ၊ ဆွတ်ရိန်ယန် ကျေးရွာ၊ ဆွတ်ရာကျေးရွာများမှာ ကချင်လက်နက်ကိုင်အဖွဲ့ (KIA) တပ်မဟာ (၂)အခြေစိုက်သည့် ကျေးရွာများဖြစ်ပြီး၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ဆန္ဒယူခံယူပွဲ၊ ၂၀၁၀ ရွေးကောက်ပွဲများတွင် မဲပေးခွင့် ရရှိခဲ့သော်လည်း ၂၀၁၅ ခုနှစ်တွင် ရွေးကောက်ပွဲ မဲပေးခွင့်ဆုံးရှုံးခဲ့ရသည့် ဒေသများဖြစ်ကြောင်း သိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ်က ထွက်ပြေးနေသည့် ရွာသူရွာသားများကိုကူညီရေး၊ ထွက်ပြေးနေသည့် ကျေးရွာသားများ၏ လုံခြုံရေး၊ တိုက်ပွဲများထပ်မံမဖြစ်ရေးအတွက် အဖွဲ့အစည်းများနှင့် တပ်မတော်ကို ညွှန်ကြားထားကြောင်း ပြောကြားသည်။

တနိုင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလင်းလင်းဦးက တနိုင်းဒေသတွင် ၂၀၁၇ ခုနှစ် ဇွန်လမှစတင်ခဲ့သည့် တိုက်ပွဲများကြောင့် လူပေါင်း သိန်းနှင့်ချီ စစ်၏အကျိုးသက်ရောက်မှုကိုခံရပြီး ဒေသခံများအတွင်း ပြန်လည်ထူထောင်ရေးမှာ ကြီးမားသော စိန်ခေါ်မှုဖြစ်လာကြောင်း ပြောကြားသည်။

“ကျွန်တော်တို့ မြို့နယ်ဒေသခံကတော့ ငါးသောင်းကျော်ပေါ့။ စစ်ဒဏ်က အားလုံးဆိုရင် သိန်းချီပြီး ခံခဲ့ရတယ်။ အဆိုးဆုံးက ဒေသခံကျေးရွာတချို့ ပျက်သွားတဲ့အခြေအနေ ရောက်သွားတယ်။ ပြန်လည်ထူထောင်ရေးက ခက်မှာပေါ့။ တနိုင်းမြို့ပေါ်ကလူတွေလည်း စီးပွားရေးတွေ ထိုးဆင်းသွားတယ်” ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလင်းလင်းဦးက ပြောကြားသည်။

တပ်မတော်နှင့် ကေအိုင်အေတို့ တနိုင်းဒေသတွင် တရားမဝင်ရွှေမှော်၊ ပယင်းမှော်များကို အကြောင်းပြု၍ ပတ်ခတ်မှုများ ဆက်တိုက်ဖြစ်ပွားခဲ့သည့်မှာ ၂၀၁၇ ခုနှစ် ဇွန်လဆန်းပိုင်းမှ ၂၀၁၈ ခုနှစ် ဧပြီလအထိ ၁၀ လနီးပါး ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

နှစ်ဖက်ပစ်ခတ်မှုများကြားတွင် အရပ်သားများ ထိခိုက်သေဆုံးခြင်း၊ လူပေါင်း တစ်သိန်းခန့် ရွှေ့ပြောင်းရခြင်း၊ ပစ်ခတ်မှုများကြားတွင် ဒဏ်ရာရခြင်း၊ မိုင်းနင်းဒဏ်ရာရခြင်း၊ မသင်္ကာသူများ ဖမ်းဆီးခံရခြင်း၊ ကျေးရွာလုံး ကျွတ်ထွက်ပြေးလာရခြင်းများ ရှိခဲ့သည်။

၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ကချင်ပြည်နယ် တနိုင်းမြို့နယ်တွင် ၄၈၅၆၆ ဦးနေထိုင်ပြီး မြို့ပေါ်တွင် ၃၁၉၉၈ ဦး၊ ကျေးလက်နေပြည်သူ ၁၆၅၆၈ ဦးနေထိုင်ကြောင်း သန်းခေါင်စာရင်း အစီရင်ခံစာ အတွဲ (၃-က) စာမျက်နှာ ၃၀ တွင် ဖော်ပြထားသည်။

Most Read

Most Recent