အစိုးရ၏ ဝယ်ယူရေးနှင့် ပိုင်ဆိုင်ပစ္စည်းများ ငှားရမ်းရောင်းချရေးဆိုင်ရာ ဥပဒေ (မူကြမ်း) ထုတ်ပြန်ထားပြီး ပြဋ္ဌာန်းပုဒ်မများ မလိုက်နာသည့် အစိုးရဝန်ထမ်းများနှင့် တင်ဒါတင်သွင်းသူများကို ထောင်ဒဏ်ငါးနှစ်အထိ ချမှတ်နိုင်မည့်အချက် ထည့်သွင်းရေးဆွဲ

အစိုးရ၏ ဝယ်ယူရေးနှင့် ပိုင်ဆိုင်ပစ္စည်းများ ငှားရမ်းရောင်းချရေးဆိုင်ရာ ဥပဒေ (မူကြမ်း) ထုတ်ပြန်ထားပြီး ပြဋ္ဌာန်းပုဒ်မများ မလိုက်နာသည့် အစိုးရဝန်ထမ်းများနှင့် တင်ဒါတင်သွင်းသူများကို ထောင်ဒဏ်ငါးနှစ်အထိ ချမှတ်နိုင်မည့်အချက် ထည့်သွင်းရေးဆွဲ
Published 24 April 2018

ပုဒ်မ (၇၄) ခုပါဝင်သည့် အစိုးရ၏ ဝယ်ယူရေးနှင့် ပိုင်ဆိုင်ပစ္စည်းများ ငှားရမ်းရောင်းချရေးဆိုင်ရာဥပဒေ (မူကြမ်း) ထုတ်ပြန်ထားပြီး ပြဋ္ဌာန်းပုဒ်မများ မလိုက်နာသည့် အစိုးရဝန်ထမ်းများနှင့် တင်ဒါတင်သွင်းသူများကို ထောင်ဒဏ်ငါးနှစ်အထိ ချမှတ်နိုင်မည့်အချက် ထည့်သွင်းရေးဆွဲထားကြောင်း အဆိုပါ ဥပဒေကြမ်းမှ သိရသည်။

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ တာဝန်ယူစီမံခန့်ခွဲရမည့် အစိုးရ၏ ဝယ်ယူရေးနှင့် ပိုင်ဆိုင်ပစ္စည်းများ ငှားရမ်းရောင်းချရေးဆိုင်ရာဥပဒေ (မူကြမ်း) တွင် အစိုးရ၏ ပိုင်ဆိုင်ပစ္စည်းငှားရမ်းခြင်းနှင့် ရောင်းချခြင်းများအတွက် ပိုင်ဆိုင်ပစ္စည်းထုခွဲရောင်းချရေးဆိုင်ရာ ကော်မတီဖွဲ့စည်းခြင်းနှင့် အစိုးရဝန်ထမ်းများ စောင့်ထိန်းရမည့် ကျင့်ဝတ်များ၊ တင်ဒါတင်သွင်းသူများ၊ ပစ္စည်းပေးသွင်းသူများ၊ ကန်ထရိုက်တာများနှင့် ပတ်သက်သည့် အခန်း (၁၃) ခန်း ထည့်သွင်းရေး ဆွဲထားသည်။ အစိုးရ၏ ဝယ်ယူရေးနှင့် ပိုင်ဆိုင်ပစ္စည်းများ ငှားရမ်းရောင်းချမှုပြုရမည့် အစိုးရဝန်ထမ်းများအနေဖြင့် လိုက်နာရမည့် ကျင့်ဝတ်များအဖြစ် လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြည်သူလူထု အကျိုးစီးပွားဖြစ်ထွန်းစေရန် အမြဲတစေဆောင်ရွက်ရမည်ဖြစ်ကြောင်း သတ်မှတ်ထားသည်။

ထို့ပြင် ပစ္စည်းပေးသွင်းသူများ တရားမျှတစွာ ယှဉ်ပြိုင်နိုင်ရေးအတွက် ဝယ်ယူရေး ဝန်ထမ်းများ သီးခြားတာဝန်ပေးအပ်ရန်၊ ၎င်းတို့ တာဝန်ဝတ္တရားများ ထမ်းဆောင်နေစဉ် ကာလအတွင်း အကျိုးစီးပွားပဋိပက္ခဖြစ်စေခြင်းနှင့် သိက္ခာမဲ့စွာ ပြုမူနေထိုင်ခြင်းမှ ရှောင်ကြဉ်ရန်၊ တံစိုးလက်ဆောင်တောင်းခံခြင်း၊ လက်ခံခြင်းနှင့် လာဘ်ပေးလာဘ်ယူပြုမှုနှင့် မမှန်မကန် မရိုးမဖြောင့်ပြုမှုများကို ကျူးလွန်ခြင်းနှင့် အားပေးခြင်း မပြုလုပ်ရန်နှင့် ချုပ်ဆိုထားသည့် စာချုပ်ထုတ်ပြန်ကြေညာခြင်းနှင့် စပ်လျဉ်းသည့် တာဝန်မှအပ တင်ဒါတင်သွင်းသူနှင့်ပတ်သက်သော အချက်အလက်များ၊ ဝယ်ယူရေးနှင့် ပိုင်ဆိုင်ပစ္စည်း ငှားရမ်းရောင်းချရေးလုပ်ငန်းစဉ်နှင့် စပ်လျဉ်းသည့် သတင်းအချက်အလက်များ လျှို့ဝှက်ထားရန် စသည့်အချက်များ ထည့်သွင်းရေးဆွဲထားကြောင်း သိရသည်။

ထို့ပြင် တင်ဒါတင်သွင်းသူများ၊ ပစ္စည်းပေးသွင်းသူများ၊ ကန်ထရိုက်တာများအနေဖြင့် မသင့်လျော်သော လာဘ်ပေးလာဘ်ယူမှု ပြုရန်အတွက် ကမ်းလှမ်းခြင်း အဂတိလိုက်စားမှု၊ ဝယ်ယူမှုလုပ်ငန်းစဉ် သို့မဟုတ် စာချုပ်အကောင်အထည်ဖော်မှုကို လွှမ်းမိုးစေရန် မှားယွင်းသောအချက်အလက်များကို ဖော်ပြခြင်းကဲ့သို့ လိမ်လည်မှု၊ ဝယ်ယူသည့် ဌာနအဖွဲ့အစည်း၏ လွတ်လပ်၍ ပွင့်လင်းမြင်သာသော ယှဉ်ပြိုင်မှုကို သွေဖည်စေရန် ဈေးပြိုင်ရာတွင် မဖြစ်နိုင်သော၊ သဘာဝမကျသော တင်ဒါဈေးနှုန်းသတ်မှတ်၍ တင်ဒါတင်သွင်းသူများအချင်းချင်း တင်ဒါမတင်သွင်းမီ (သို့မဟုတ်) တင်ဒါတင်သွင်းပြီးနောက် ပူးပေါင်းကြံစည်မှုများ မပြုလုပ်ရန် တားမြစ်ထားကြောင်း ဥပဒေ (မူကြမ်း) အရ သိရသည်။

Most Read

Most Recent