ဟင်္သာတခရိုင် ဆေးရုံကြီး၌ ဆေးကုသမှု ခံယူခဲ့သည့် ကျောင်းသား တစ်ဦးတွင် H1N1 ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ပြီး လက်ရှိတွင် H1N1 အတည်ပြုလူနာ ခုနစ်ဦးအထိ ရှိလာ

ဟင်္သာတခရိုင် ဆေးရုံကြီး၌ ဆေးကုသမှု ခံယူခဲ့သည့် ကျောင်းသား တစ်ဦးတွင် H1N1 ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ပြီး လက်ရှိတွင် H1N1 အတည်ပြုလူနာ ခုနစ်ဦးအထိ ရှိလာ
Published 18 August 2017

ဟင်္သာတခရိုင် ဆေးရုံကြီး၌ ဆေးကုသမှု ခံယူခဲ့သည့် ကျောင်းသားတစ်ဦးတွင် H1N1 ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ပြီး လက်ရှိတွင် H1N1 အတည်ပြုလူနာ ခုနစ်ဦးအထိ ရှိလာကြောင်း ဆေးရုံအုပ်ကြီးထံမှ သိရသည်။

H1N1 ခုနစ်ဦးမြောက် လူနာအဖြစ် စစ်ဆေးတွေ့ရှိခဲ့သည့် ငါးနှစ်အရွယ် အဆိုပါ ကလေးငယ်မှာ ဟင်္သာတမြို့ အမှတ် (၄၃) မူလတန်းလွန်ကျောင်း၌ KG တန်း တက်ရောက်နေသူဖြစ်ပြီး သြဂုတ် ၁၃ ရက် မွန်းလွဲပိုင်းတွင် သေဆုံးသွားကြောင်း သိရသည်။

“အဲဒီ ကလေးက ဟင်္သာတမြို့ တာကလေးရပ်ကွက်က ဖြစ်ပါတယ်။ သူက သြဂုတ် ၁၃ ရက် နေ့လည်မှာ ဟင်္သာတပြည်သူ့ဆေးရုံကြီးကို တက်ရောက်လာတာ ဖြစ်ပါတယ်။ SARI နဲ့ ပတ်သက်တဲ့ လက္ခဏာတွေနဲ့ လာတာဖြစ်ပါတယ်။ လာတဲ့အချိန်မှာ ကလေးက တစ်ကိုယ်လုံး အေးစက်ပြီး သွေးလန့်သွေးဆုတ်တဲ့ အနေအထားမျိုး ရှိပါတယ်။ ဆေးရုံက လိုအပ်သော ကုသမှုပေးခဲ့ပေမယ့် မွန်းလွဲ ၂ နာရီခွဲလောက်မှာပဲ သေဆုံးသွားပါတယ်။ ဒီကလေး ဆုံးသွားပြီးနောက်မှာ သူ့ကို သံသယရှိတဲ့အတွက် သူ့ရဲ့ Nasal Swab ကို NHL ဆီ ပို့ခဲ့ပါတယ်။ အဲဒီကလေးမှာ H1 N1 Positive ထွက်တယ်လို့ မနေ့က အဖြေပြန်ရရှိပါတယ်။
ဒီကလေးက သူ့မိဘအိမ်မှာပဲ ဖျားနေတာ ငါးရက်လောက် ရှိပြီလို့ သိရပါတယ်။ ငါးရက်လောက် ဖျားပြီးမှ ဆေးရုံကို ရောက်လာတယ်။ ရောက်လာတဲ့အချိန်မှာ အခြေအနေက တော်တော်ဆိုးနေတာ ဖြစ်ပါတယ်။ ဒါကြောင့် သူ့အနေနဲ့ ဆုံးပါးသွားတယ်လို့ ယူဆပါတယ်” ဟု ဟင်္သာတဆေးရုံအုပ်ကြီး ဒေါက်တာတိုးတိုးက ပြောကြားသည်။

H1 N1 ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့သည့် လူနာ ခုနစ်ဦးအနက် သုံးဦးမှာ သေဆုံးသွားပြီ ဖြစ်သော်လည်း ကျန်လူနာ လေးဦးအနက် သုံးဦးမှာ ကျန်းမာရေး ကောင်းမွန်လာသဖြင့် ဆေးရုံဆင်းခွင့် ရရှိသွားပြီဖြစ်ပြီး ကလေးလူနာ တစ်ဦးသာ ဆေးရုံ၌ ကျန်ရှိတော့ကြောင်း သိရသည်။

“ကလေးလူနာ ငါးဦးနဲ့ လူကြီးလူနာ နှစ်ဦးမှာ H1 N1 Positive တွေ့ပါတယ်။ ကလေး လူနာ ငါးဦးထဲမှာ သုံးဦးက သေဆုံးသွားပြီးတော့ နှစ်ဦးဟာ ကုသမှုခံယူပြီး အဲဒီအထဲက တစ်ဦးက ဒီနေ့ဆင်းမှာ ဖြစ်ပါတယ်။ လူကြီး လူနာနှစ်ဦးမှာ ကျန်ရှိနေတဲ့ တစ်ဦးကလည်း သက်သာပြီး ဒီနေ့ဆင်းခွင့်ရမှာ ဖြစ်ပါတယ်။ H1 N1 Positive တွေ့တဲ့ ခုနစ်ဦးထဲမှာ လေးဦးကတော့ ဟင်္သာတမြို့နယ်ထဲက ဖြစ်ပြီးကျန်တဲ့ လူနာတွေက အခြားမြို့နယ်တွေက ဖြစ်ပါတယ်”ဟု ဟင်္သာတဆေးရုံအုပ်ကြီး ဒေါက်တာ တိုးတိုးက ပြောကြားသည်။

သြဂုတ် ၁၇ ရက်၊ မွန်းလွဲ ၃ နာရီထိ ရရှိသော စာရင်းအရ ဟင်္သာတခရိုင် ဆေးရုံကြီး၌ ရာသီတုပ်ကွေး သံသယလူနာ ၃၂ ဦးရှိပြီး ၂၅ ဦး၏ Nasal Swab ကို အမျိုးသားကျန်းမာရေးဓာတ်ခွဲဌာနသို့ ပေးပို့ စစ်ဆေးထားသည့်အနက် ၁၇ ဦး၏ ဆေးစစ်ချက်များ ပြန်လည်ရရှိထားပြီ ဖြစ်ကာ H1 N1 လူနာ ခုနစ်ဦး၊ H3 N2 လူနာတစ်ဦး စစ်ဆေး တွေ့ရှိခဲ့ကြောင်း သိရသည်။

ဆေးစစ်ချက်၌ ရောဂါပိုး တွေ့ရှိခဲ့သည့် လူနာများမှာ ဧရာဝတီတိုင်းဒေသကြီးရှိ ဟင်္သာတမြို့နယ်၊ လေးမျက်နှာမြို့နယ်၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့နှင့် ဧရာဝတီမြစ် တစ်ဖက်ကမ်း ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့နယ်တို့မှ ဟင်္သာတခရိုင်ဆေးရုံကြီးသို့ လာရောက် ဆေးကုသမှု ခံယူသူများဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent