<

မြန်မာ့လုပ်ငန်းအများစုမှာ Trade Based များသာဖြစ်နေပြီး ထုတ်လုပ်မှုကိုမစဉ်းစားသည့် အခြေအနေဖြစ်နေသရွေ့ နိုင်ငံတိုးတက်ရေး အခက်အခဲဖြစ်ပေါ်နေမည်ဟု စီမံ/ ဘဏ္ဍာဝန်ကြီး ပြောကြား

ပြည်ပကုန်သွယ်မှု၏ ရာခိုင်နှုန်း ၈၀ ခန့်ရှိသည့် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုပြုရာ MIP ဆိပ်ကမ်းကို တွေ့ရစဉ်

ပြည်တွင်းလုပ်ငန်းအများစုမှာ Trade Based လုပ်ငန်းများသာဖြစ်နေပြီး ထုတ်လုပ်မှုကိုမစဉ်းစားသည့် အခြေအနေဖြစ်နေသရွှေ့ နိုင်ငံတိုးတက်ရေး အခက်အခဲ ဖြစ်ပေါ်နေမည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ပြောကြားသည်။

“ကျွန်တော်တို့ရဲ့ စီးပွားရေးပုံစံကို ပြန်ကြည့်မယ် အလွယ်ကူဆုံးစကားနဲ့ ပြောမယ်ဆိုရင် Trade Based ပုံစံကို သွားနေတယ်။ လူထုက ၀ယ်မယ်၊ ရောင်းမယ်၊ အကျိုးအမြတ်ကို ရယူမယ်။ ကျွန်တော်တို့မှာ ဈေးကွက်က အကြီးကြီး။ ပြည်သူပြည်သားတွေ လိုအပ်ချက်က အကြီးကြီးပဲ။ ဒါပေမဲ့ ပြည်ပနိုင်ငံကနေ ၀ယ်ပြီးတော့ ရောင်းနိုင်တာနဲ့ ထုတ်လုပ်မှုကို မစဉ်းစားတော့ဘူး။ ကျွန်တော်တို့ လုပ်ငန်းတော်တော်များများက Trade Based နဲ့ သွားနေတယ်။ ဒီပုံစံအတိုင်းသွားနေသမျှ ကာလပတ်လုံး ကျွန်တော်တို့နိုင်ငံ တိုးတက်ဖို့က အများကြီး အခက်အခဲရှိတယ်” ဟု ဦးကျော်ဝင်းက ဆိုသည်။

ထို့ကြောင့် မြန်မာနိုင်ငံအနေဖြင့် လတ်တလောကာလတွင် Production Based နိုင်ငံအဖြစ် ဦးတည်ဆောင်ရွက်ရန် လိုအပ်ပြီး အဆိုပါ Production Based မှတစ်ဆင့် Industry Based နိုင်ငံအဖြစ်သို့ ကူးပြောင်းနိုင်ရေး လုပ်ဆောင်ရန်လိုအပ်ကြောင်း ဦးကျော်ဝင်းက ဆက်လက်ပြောကြားသည်။

“SME တွေကို ထောက်ပံ့ဖို့ကြိုးစားရာမှာ လွယ်လွယ်ကူကူနဲ့ပေးနိုင်တာက ချေးငွေ။ ဒါပေမဲ့ ချေးငွေတွေ ပေးရာမှာလည်း အခက်အခဲတွေရှိနေသေးတယ်ဆိုတာ ကျွန်တော်တို့ သိနေပါတယ်။ ကုန်ထုတ်လုပ်မှုတွေ၊ ချေးငွေတွေရဖို့  အခက်အခဲတွေ ဒါတွေကိုလည်း ကျွန်တော်တို့ အတတ်နိုင်ဆုံး ဖြေရှင်းဆောင်ရွက်ပေးနေပါတယ်။ သို့သော် တကယ်လိုအပ်ချက်က ဈေးကွက်။ ဈေးကွက်မရှိရင် ဘာလုပ်ငန်းမှ ထူထောင်လို့မရဘူး။ ဘာလုပ်ငန်းမှ ဆက်ပြီး ရှင်သန်လို့မရဘူး။ အဲဒါဆို ပြည်တွင်းမှာရှိတဲ့ ဈေးကွက်ကို ခိုင်မာအောင်၊ SME တွေအတွက် တကယ့်ဈေးကွက်ဖြစ်အောင် ကျွန်တော်တို့ ဆောင်ရွက်ပေးရမယ်။ ပြည်တွင်းမှာ ထုတ်လုပ်မယ့်ပစ္စည်းတွေကို သုံးစွဲသူတွေအတွက် တကယ့်ကို အရည်အသွေးမီဖြစ်အောင် ကျွန်တော်တို့ SME တွေက ထုတ်လုပ်နိုင်အောင် လုပ်ပေးရမယ်” ဟု ဦးကျော်ဝင်းက ဆိုသည်။

လက်ရှိ SME များအနေဖြင့် သယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ်နှင့် လောင်စာစွမ်းအင် ကုန်ကျစရိတ်များပြားခြင်းစသည့် အခက်အခဲများများပြားခြင်းအပြင် ပြည်ပမှ ကုန်ကြမ်းများတင်သွင်းရာတွင်လည်း သွင်းကုန်အခွန် ကုန်ကျစရိတ်များပြားခြင်းများကို ရင်ဆိုင်နေရပြီး ထိုသို့ဘက်စုံကုန်ကျစရိတ် များပြားနေမှုကိုအဖြေရှာရန် လိုအပ်မည်ဖြစ်ကြောင်း ဦးကျော်ဝင်းက ပြောကြားသည်။

April 23, 2018














Copy Protected by Chetan's WP-Copyprotect.