တနိုင်းဒေသ အောင်လောဒ်ကျေးရွာမှ စစ်ရှောင်များအား ကူညီရန် ကြက်ခြေနီအဖွဲ့များ အောင်လောဒ်ကျေးရွာသို့ ရောက်ရှိနေသော်လည်း ရွာသားများနှင့် မတွေ့ရသေး

တနိုင်းဒေသ အောင်လောဒ်ကျေးရွာမှ စစ်ရှောင်များအား ကူညီရန် ကြက်ခြေနီအဖွဲ့များ အောင်လောဒ်ကျေးရွာသို့ ရောက်ရှိနေသော်လည်း ရွာသားများနှင့် မတွေ့ရသေး
Published 23 April 2018

တနိုင်းဒေသ၊ အောင်လောဒ်ကျေးရွာမှ စစ်ရှောင်များအား ကူညီရန် ကြက်ခြေနီအဖွဲ့များ အောင်လောဒ်ကျေးရွာသို့ ရောက်ရှိနေသော်လည်း ရွာသားများနှင့် မတွေ့ရသေးကြောင်း ဒေသခံရပ်မိရပ်ဖများက The Daily Eleven သတင်းစာသု့ိ ပြောကြားသည်။

တနိုင်းဒေသခံ ရပ်မိရပ်ဖတစ်ဦးက “အောင်လောဒ်ကို ကြက်ခြေနီကားတွေ မနေ့ကရောက်သွားတယ်။ မနေ့ညကတော့ ကားနှစ်စီး ပြန်ရောက်လာတယ်။ ဒေသခံရွာသားတွေနဲ့တော့ မတွေ့ဘူး။ ရွှေ့ပြောင်းလုပ်သား ၁၁၇ ယောက်ကတော့ တွေ့ရပြီ။ ကြက်ခြေနီအဖွဲ့တွေက ကယ်ဆယ်ထားတယ်လို့ သိရတယ်။ ရွာသားတွေကတော့ တောထဲရောက်နေကြတာပေါ့။ ရွာသားတွေ လက်ထဲကိုတော့ အကူအညီတွေ မရောက်နိုင်သေးဘူး” ဟု ပြောကြားသည်။

ကချင်ပြည်နယ် ဝန်ကြီးချုပ်က ထွက်ပြေးနေသည့် ရွာသူရွာသားများကို ကူညီရေးအဖွဲ့အစည်းများအား ညွှန်ကြားထားကြောင်း ပြောကြားသည်။

ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က “တိုင်းမှူးကြီး ကျွန်တော့်ဆီလာတွေ့တုန်းက မီဒီယာတွေလည်း သွားခွင့်ရပါတယ်။ အကူအညီတွေ တနိုင်းရောက်သွားပါပြီ။ အောင်လောဒ်ဘက်ကိုလည်း သွားနေပါပြီ။ ရောက်အောင် သေသေချာချာလုပ်ဖို့ ကိုယ်တိုင်ညွှန်ကြားထားပါတယ်။ ပြည်သူတွေကိုလည်း ရပ်ရွာကို ပြန်ပို့ဖို့၊ လိုအပ်တာတွေကိုအဖွဲ့အစည်းတွေ၊ တပ်မတော်တွေက ပံ့ပိုးပေးဖို့ ပြောထားပါတယ်။ တိုက်ပွဲတွေ ပြန်မဖြစ်ဖို့တော့ တိုင်းမှူးကြီးကို တာဝန်ယူပါလို့ ပြောထားတယ်။ တိုက်ပွဲဖြစ်ရင်တော့ ကြောက်လန့်ပြီး ပြေးကြလိမ့်မယ်လို့။ ချက်ချင်းတော့ အားလုံးကို ခေါ်လို့ မရနိုင်ဘူး။ ပြည်သူတွေက လန့်ဖျတ်နေတာကိုး။ မန်လွယ် (ကာမိုင်းအထက်အင်းတော် ချောင်းဖျားလိုင်းနောင်ခူး) ဘက်က ၁၅၉ ဦးကတော့ တပ်အတူနဲ့ ရွာပြန်ရောက်သွားတယ်။ ရွာသားတွေ အားလုံးကိုတော့ နတလဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်လှိုင် ဖုန်းဆက်ပြီး ကျွန်တော့်ကို ပြောလာတယ်။ အစိုးရနဲ့ တပ်နဲ့ပေါင်းပြီး ရိက္ခာသုံးလစာ၊ လိုအပ်တဲ့ ဆေးဝါး၊ အိမ်တွေပါလိုအပ်ရင် ဆောက်ပေးဖို့ လုပ်ထားတာ ရှိပါတယ်။ မန်လွယ်ကတော့ စံပြလုပ်ပေးဖို့ လုပ်နေပါတယ်။ ကျန်တဲ့ရွာတွေလည်း စံနမူ ဖြစ်အောင်တဲ့။ တိုက်ပွဲထပ်မဖြစ်ဖို့တော့ လိုတာပေါ့။ မီဒီယာတွေ သွားလို့ရပါတယ်။ သွားကြပါ” ဟု ပြောကြားသည်။

တပ်မတော်နှင့် ကချင်လက်နက်ကိုင်အဖွဲ့ (KIA) တို့သည် တနိုင်းဒေသတွင်သာမက နမ္မတီးမြို့အနီးရှိ တပ်မဟာ ၂ လက်အောက်ခံရင်း ၁၁ ဧရိယာတွင် ပစ်ခတ်မှုများရှိလာပြီး ကျေးရွာသားများမှာ နမ္မတီးမြို့နှင့် မြစ်ကြီးနားမြို့သို့ ရောက်ရှိလာကြောင်း သိရသည်။

Most Read

Most Recent