၂၀၂၀ ပြည့်နှစ်တွင် မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံကုန်သွယ်မှု ဒေါ်လာသန်း ၁၀၀၀ ကျော်အထိ တိုးမြှင့်ရန် သဘောတူ

၂၀၂၀ ပြည့်နှစ်တွင် မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံကုန်သွယ်မှု ဒေါ်လာသန်း ၁၀၀၀ ကျော်အထိ တိုးမြှင့်ရန် သဘောတူ
Published 23 April 2018

၂၀၂၀ ပြည့်နှစ်တွင် မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံကုန်သွယ်မှု ဒေါ်လာသန်း ၁၀၀၀ ကျော်အထိ တိုးမြှင့်ရန် သဘောတူခဲ့ကြောင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဗီယက်နမ် ဆိုရှယ်လစ်သမ္မတနိုင်ငံသို့ သွားရောက်ခဲ့သည့် တရားဝင်ချစ်ကြည်ရေး ခရီးစဉ်နှင့်ပတ်သက်သည့် သတင်းထုတ်ပြန်ချက်ကို နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံ ဝန်ကြီးချုပ်မစ္စတာ ငုယင်စွမ်းဖု၏ ဖိတ်ကြားချက်အရ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံသို့ ၂၀၁၈ ခုနှစ် ဧပြီ ၁၉ ရက်မှ ၂၀ ရက်အထိ တရားဝင် ချစ်ကြည်ရေးခရီး သွားရောက်ခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံနှင့် ဗီယက်နမ် နှစ်နိုင်ငံ ကုန်သွယ်မှု ပမာဏသည် ၂၀၁၇ ခုနှစ်တွင် ဒေါ်လာသန်း ၈၃၀ သို့ ရောက်ရှိခဲ့ပြီး ၂၀၁၆ ခုနှစ် ကုန်သွယ်မှု ပမာဏနှင့်နှိုင်းယှဉ်ပါက ၅၁ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုတွင် ဗီယက်နမ်နိုင်ငံသည် မြန်မာနိုင်ငံ၏ နဝမအဆင့် အကြီးဆုံးကုန်သွယ် ဖက်နိုင်ငံဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုတွင် သတ္တမအဆင့် အများဆုံး ရင်းနှီးမြှုပ်နှံသူဖြစ်ရာ ဆက်လက်၍ ၂၀၂၀ ပြည့်နှစ်တွင် နှစ်ဖက်အပြန်အလှန် ကုန်သွယ်မှုကို ဒေါ်လာသန်း ၁၀၀၀ ပြည့်မီ ကျော်လွန်သည်အထိ ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက် တိုးမြှင့်ဆောင်ရွက်သွားရန် နှစ်ဖက်ခေါင်းဆောင်များက သဘောတူညီခဲ့ကြောင်း သိရသည်။

ထို့အပြင် နှစ်နိုင်ငံအကြား အစိုးရအဆင့်၊ လွှတ်တော်အဆင့်၊ ပါတီအဆင့်နှင့် ပြည်သူများအကြား အထူးသဖြင့် လူငယ်များအကြား အပြန်အလှန် ထိတွေ့ဆက်ဆံမှု တိုးမြှင့်ဆောင်ရွက်ခြင်းဖြင့် ချစ်ကြည်ရင်းနှီးမှုနှင့် အပြန်အလှန် ယုံကြည်မှုများ ပိုမိုခိုင်မာလာမည်ဖြစ်သည်ကို ယုံကြည်ကြောင်း နှစ်ဖက်ခေါင်းဆောင်များက အလေးထား ပြောကြားသည်။

ဗီယက်နမ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် အမျိုးသားရင်ကြားစေ့ရေး ဆောင်ရွက်မှုများကို ဆက်လက်ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံသည်လည်း ဗီယက်နမ်နိုင်ငံ၏ အောင်မြင်သည့်ပြုပြင်ပြောင်းလဲမှု ရလဒ်များ အထူးသဖြင့် ပြည်သူများ၏ လူမှုစီးပွားဘ၀ မြင့်မားတိုးတက်ရေးနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက်နိုင်မှုများအပေါ် လေးစားချီးကျူးကြောင်း၊ မြန်မာနိုင်ငံ၏ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များတွင် ဗီယက်နမ်နိုင်ငံ၏ အစဉ်တစိုက် ထောက်ခံအားပေးမှုနှင့် အတွေ့အကြုံများ မျှဝေပေးမှုကို အသိအမှတ်ပြု ကျေးဇူးတင်ကြောင်း ပြန်လည် ပြောကြားခဲ့ပြီး၊ အာဆီယံ၊ ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့၊ ကမ္ဘာ့ ကုလသမဂ္ဂစသည့်ဒေသတွင်းနှင့် နိုင်ငံတကာ အဖွဲ့အစည်းများတွင် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရန်လည်း ခေါင်းဆောင်နှစ်ဦးက ထပ်လောင်း ကတိပြုခဲ့ကြသည်။

ထို့ပြင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဗီယက်နမ်ဝန်ကြီးချုပ်တို့သည် မြန်မာနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့အကြား နားလည်မှု စာချွန်လွှာများ လက်မှတ်ရေးထိုးသည့် အခမ်းအနားသို့ တက်ရောက်သည်။ ယင်းအခမ်းအနားတွင် ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဆိုင်ရာ ကဏ္ဍပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာကို မြန်မာနိုင်ငံဘက်မှ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်နှင့် ဗီယက်နမ်နိုင်ငံ ပြန်ကြားရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး မစ္စတာသွန်းတမ်တို့ကလည်းကောင်း၊ ပြန်ကြားရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှု စာချွန်လွှာကို ဗီယက်နမ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စိုးဝင်းနှင့် ဗီယက်နမ်နိုင်ငံပြန်ကြားရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး မစ္စတာသွန်းတမ်တို့ကလည်းကောင်း လက်မှတ်ရေးထိုးခဲ့ကြသည်။ တရားဝင်ချစ်ကြည်ရေး ခရီးစဉ်အပြီးတွင် နှစ်နိုင်ငံပူးတွဲ ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။

ဆက်လက်ပြီး ထုတ်ပြန်ချက်တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ၂၀၁၈ ခုနှစ် ဧပြီ ၂၀ ရက်တွင် ဗီယက်နမ်-မြန်မာ ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌအားလည်းကောင်း၊ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံ ဆောင်ရွက်လျက်ရှိသည့် ဗီယက်နမ် စီးပွားရေးလုပ်ငန်းရှင်များအား လည်းကောင်း လက်ခံတွေ့ဆုံခဲ့ကြောင်း၊ ထိုသို့ တွေ့ဆုံစဉ် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု ပိုမိုနက်ရှိုင်းလာစေရန်နှင့် နှစ်နိုင်ငံအကြား စီးပွားရေးပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်နိုင်ရေးအတွက် ဗီယက်နမ်-မြန်မာ ချစ်ကြည်ရေးအသင်းအနေဖြင့် ကြိုးပမ်းဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍လည်းကောင်း၊ ဗီယက်နမ် စီးပွားရေးလုပ်ငန်းရှင်များ အသီးသီးက တင်ပြကြသည့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု ဆောင်ရွက်ရာတွင် ရရှိနိုင်သည့် အခွင့်အလမ်းနှင့် ကြုံတွေ့ရသည့် အခက်အခဲများနှင့် စပ်လျဉ်း၍လည်းကောင်း အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြောင်း သိရသည်။

Most Read

Most Recent