အခြေခံပညာအတန်းများ၏ စာမေးပွဲအောင်စာရင်း တစ်နိုင်ငံလုံး အတိုင်းအတာအရ ဧပြီ ၂၂ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ပြီး နဝမတန်း၌ ကျရှုံးမှုအချို့ ရှိခဲ့ကြောင်း သိရ

အခြေခံပညာအတန်းများ၏ စာမေးပွဲအောင်စာရင်း တစ်နိုင်ငံလုံး အတိုင်းအတာအရ ဧပြီ ၂၂ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ပြီး နဝမတန်း၌ ကျရှုံးမှုအချို့ ရှိခဲ့ကြောင်း သိရ
Published 23 April 2018

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ အမှတ် (၃)၊ အခြေခံပညာ အထက်တန်းကျောင်း၌ အောင်စာရင်း လာရောက်ကြည့်ရှုသူ အချို့အား တွေ့ရစဉ်

အခြေခံပညာအတန်းများ၏ စာမေးပွဲအောင်စာရင်းကို တစ်နိုင်ငံလုံး အတိုင်းအတာအရ ၂၀၁၈ ခုနှစ် ဧပြီ ၂၂ ရက်၌ ထုတ်ပြန်ကြေညာခဲ့သည်။

စာမေးပွဲအောင်စာရင်းများ ထုတ်ပြန်ရာတွင် ယခင်နှစ်များကကဲ့သို့ အဆင့်သတ်မှတ်ချက်များဖြင့် ထုတ်ပြန်ကြေညာခြင်းမရှိဘဲ ခုံအမှတ်၊ ကျောင်းသားအမည်၊ အဘအမည်များဖြင့်သာ ထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်သည်။

“အဆင့်သတ်မှတ်ချက်တွေနဲ့ မထုတ်ပြန်တော့တာက ဂုဏ်တုဂုဏ်ပြိုင် ကင်းသွားတယ်လို့ မြင်မိပါတယ်။ လက်ရှိစာမေးပွဲက ကျက်စာတွေပဲမေးတာဆိုတော့ Grade-A ရတယ်ဆိုတဲ့ကလေးတွေကို ခုနေစာထမေးကြည့်၊ မှတ်မိပါဦးမလားလို့။ ဗလငါးတန်ကို တွန်းမပို့နိုင်သေးရင် ပညာသင်ကြရတဲ့ မူလပန်းတိုင်ကို ရောက်မှာမဟုတ်သေးဘူး” ဟု ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်၊ ရူပဗေဒဌာနမှ ကထိက ဒေါက်တာဇော်မျိုးလှိုင်က အဆိုပါကိစ္စရပ်နှင့် ပတ်သက်၍ သုံးသပ်ပြောကြားသည်။

ကျောင်းတွင်းစစ် စာမေးပွဲများဖြစ်သော မူလတန်းအောက်ဆင့် သင်ရိုးဟောင်း ဒုတိယတန်း (Grade-3)၊ မူလတန်းအထက်ဆင့် တတိယတန်း (Grade-4)၊ အလယ်တန်းအဆင့် သင်ရိုးဟောင်း ပဉ္စမတန်း (Grade-6)၊ ဆဌမတန်း (Grade-7) နှင့် သတ္တမတန်း (Grade-8) တို့တွင် နှစ်ဆုံးစစ်ဆေးခြင်း (Year End Test) ကို ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီ ၇ ရက်မှ ဖေဖော်ဝါရီ ၁၆ ရက်အတွင်း တစ်ရက်လျှင် တစ်ဘာသာစီအား ဘာသာရပ်တစ်ခုလျှင် စာသင်ချိန်တစ်ချိန်နှုန်းဖြင့် လည်းကောင်း၊ အထက်တန်းအဆင့် သင်ရိုးဟောင်း နဝမတန်း (Grade-10) အတွက် နှစ်ဆုံးစစ်ဆေးခြင်း (Year End Test) ကို ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီ ၇ ရက်မှ ဖေဖော်ဝါရီ ၁၆ ရက်အတွင်း ဘာသာရပ်တစ်ခုလျှင် ဖြေဆိုချိန် နှစ်နာရီနှုန်းဖြင့် လည်းကောင်း၊ အထက်တန်းအဆင့် သင်ရိုးဟောင်း ဒသမတန် (Grade-11) အတွက် နှစ်ဆုံးစစ်ဆေးခြင်းကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၇ ရက်မှ ဖေဖော်ဝါရီ ၁၆ ရက်အတွင်း ဘာသာရပ်တစ်ခုလျှင် ဖြေဆိုချိန် သုံးနာရီနှုန်းဖြင့်လည်းကောင်း စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

စာမေးပွဲစစ်ဆေးမှုရလဒ်များ ဆုံးဖြတ်ရာတွင် သင်ရိုးဟောင်း ဒုတိယတန်း (Grade-3) မှ တတိယတန်း (Grade-4) အထိ ပဉ္စမတန်း (Grade-6) မှ သတ္တမတန်း (Grade-8) အထိနှင့် နဝမတန်း (Grade-10) တို့တွင် နှစ်ဆုံးစစ်ဆေးခြင်း (Year End Test)၊ နှစ်ဝက်ဆုံးစစ်ဆေးခြင်းနှင့် အခန်းဆုံးစစ်ဆေးခြင်း နှစ်ကြိမ်တို့တွင် ရရှိခဲ့သောရလဒ်များအပေါ် အခြေခံ၍ အောင်/ရှုံး ဆုံးဖြတ်ခြင်းဖြစ်ကြောင်း သိရသည်။

စာမေးပွဲအောင်စာရင်း ထုတ်ပြန်ရာတွင် နဝမတန်း၌ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ကျရှုံးမှုအချို့ရှိခဲ့ကြောင်း သိရသည်။

“ဆရာတို့ကျောင်းမှာတော့ ငါးတန်းကနေ ရှစ်တန်းအထိ တစ်ရာရာခိုင်နှုန်း အောင်မြင်ပါတယ်။ နဝမတန်းကတော့ ခြောက်ရာခိုင်နှုန်းလောက် ကျရှုံးခဲ့ပါတယ်။ ကျရှုံးခဲ့တဲ့သူတွေကို ဘယ်လိုဆက်လက် ဆောင်ရွက်ရမလဲဆိုတာကတော့ ညွှန်ကြားချက်အတိုင်း လုပ်ဆောင်သွားမှာပါ။ အခုချိန်မှာတော့ ကျရှုံးခဲ့တဲ့သူတွေအတွက် ဘယ်လိုညွှန်ကြားချက်မှ မရရှိသေးပါဘူး” ဟု ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်ရှိ အမှတ်(၃)၊ အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ်ကြီးက ဆိုသည်။

မူလတန်းအောက်ဆင့် သင်ရိုးသစ် ပထမတန်းတွင် စာသင်ခန်းအတွင်း ပုံမှန်ပြုလုပ်သည့် စစ်ဆေးအကဲဖြတ်ခြင်း ပြုလုပ်ရန်နှင့် ရရှိလာသောအချက်အလက်များကို အသုံးပြုပြီး သင်ယူပြီး စစ်ဆေးအကဲဖြတ်ခြင်းအနေဖြင့် တစ်နှစ်နှစ်ကြိမ် ပြုလုပ်ရန်နှင့် မြန်မာစာအရေးအဖတ်နှင့် သင်္ချာတတ်မြောက်မှုကို စစ်ဆေးအကဲဖြတ်ရန်၊ စစ်ဆေးအကဲဖြတ်ရလဒ်များကို စနစ်တကျမှတ်တမ်းတင်ထားပြီး တတ်မြောက်မှုအခြေအနေကို တစ်နှစ်လျှင် မိဘများထံ အစီရင်ခံစာနှစ်ကြိမ် ပေးပို့ရန်၊ ပုံမှန်စစ်ဆေး အကဲဖြတ်ရလဒ်များကို အခြေခံပြီး ထိရောက်သော သုံးသပ်အားဖြည့်မှု ပုံမှန်ပြုလုပ်ကာ အတန်းကူးပြောင်းမှုများကို ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent