ကချင်ပြည်နယ် ကဆုန့်ဒေသ တိုက်ပွဲများကြောင့် စစ်ဘေးရှောင် ၈၀၀ နီးပါး နမ္မတီးမြို့နှင့် မြစ်ကြီးနားမြို့သို့ တိမ်းရှောင်လာကြ

ကချင်ပြည်နယ် ကဆုန့်ဒေသ တိုက်ပွဲများကြောင့် စစ်ဘေးရှောင် ၈၀၀ နီးပါး နမ္မတီးမြို့နှင့် မြစ်ကြီးနားမြို့သို့ တိမ်းရှောင်လာကြ
Published 23 April 2018

ကဆုန့်ဒေသ တိုက်ပွဲများကြောင့် စစ်ဘေးရှောင်များအား လူမှုရေးအဖွဲ့များက ကူညီနေစဉ် (ဓာတ်ပုံ-မုန်ဆန်အောင်)

ကချင်ပြည်နယ် ကဆုန့်ဒေသ တိုက်ပွဲများကြောင့် ဧပြီ ၂၂ ရက်တွင် စစ်ဘေးရှောင် ၈၀၀ နီးပါး နမ္မတီးမြို့နှင့် မြစ်ကြီးနားမြို့သို့ တိမ်းရှောင်လာကြကြောင်း သတင်းရရှိသည်။

ဧပြီ ၂၀ ရက် ညနေပိုင်းတွင် ကဆုန့်ဒေသရှိ ကေအိုင်အေ တပ်မဟာ (၂) လက်အောက်ခံတပ်ရင်း (၁၁) ဝန်းကျင်တွင် တပ်မတော်နှင့် ကေအိုင်အေတို့ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ကဆုန့်ကျေးရွာ၊ ဇွတ်မိုင်ယန်ကျေးရွာမှ ရွာသူရွာသားများ နမ္မတီးမြို့နှင့် မြစ်ကြီးနားမြို့သို့ ထွက်ပြေးတိမ်းရှောင်လာခဲ့ကြခြင်း ဖြစ်သည်။

အဆိုပါစစ်ရှောင်များကို ဘာသာရေးအဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ဝင်များက ကူညီမှုများလုပ်ဆောင်နေပြီး အစိုးရအဖွဲ့အစည်းများကလည်း မှတ်တမ်းကောက်ယူခြင်း၊ အိမ်ထောင်စုများ ကောက်ယူခြင်းများ ပြုလုပ်နေကြောင်း သိရသည်။ လက်ရှိတွင် နမ္မတီးမြို့ လမ်းခွကျေးရွာရှိ KBC ကချင်နှစ်ခြင်း ဘုရားကျောင်းတွင် ၃၁၁ ဦး၊ မြို့ဦး ကက်သလစ်ကျောင်းတွင် ၁၈၂ ဦး၊ လမ်းခွကျေးရွာ ကစ်သလစ်ဘုရားကျောင်းတွင် ၁၀၄ ဦး၊ အပြင်ဆွေမျိုးများထံတွင် မှီခိုသူ ၁၈၉ ဦး၊ စုစုပေါင်း ၇၈၆ ဦးရှိနေကြောင်း သိရသည်။

နမ္မတီးမြို့ လူမှုကူညီရေးအသင်းမှ ဦးဝင်းဗိုလ်က “NLD လူငယ်တွေသံချပ်ဆုရတဲ့ ဆန်ငါးအိတ် လာလှူတယ်။ တိုက်ပွဲကြောင့် ကျေးရွာတွေမှာ သေဆုံးခဲ့ကြတာတော့မရှိဘူး။ တပ်မတော်ကလည်းရင်း (၁၁) နေရာကို ဝင်ယူလိုက်ပြီလို့ သိရတယ်။ စစ်ပြေးရယ်လို့တော့ မဟုတ်ဘူး။ ရှောင်လာကြတာပေါ့။ လောလောဆယ်တော့ ဘုရားကျောင်းတွေမှာပဲ။ ဆွေမျိုးအိမ်သွားတဲ့လူတွေလည်း ရှိနေသေးတယ်။ နောက်ထပ်လိုတာကို တတ်နိုင်သလောက် ဖြည့်ဖို့စာရင်း လာကြည့်နေတယ်။ ဟိုကဒီက လာလှူကြတာတွေလည်း ရှိပါတယ်” ဟုပြောကြားသည်။

ကချင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီးက ကဆုန့်တိုက်ပွဲရှောင်များနှင့် ပတ်သက်၍ အောက်ခြေတွင် စာရင်းကောက်ယူနေကြောင်း၊ ကြက်ခြေနီအဖွဲ့ဝင်များ တနိုင်းဒေသ အောင်လောဒ်ကျေးရွာတွင် ရောက်ရှိနေပြီး နောက်ထပ်တက်လာသည့် သတင်းများ မကြားသိရသေးကြောင်း ပြောကြားသည်။

ကေအိုင်အိုဗဟိုမှ အရာရှိတစ်ဦးက ကဆုန့်ဒေသတွင် ဧပြီ ၂၀ ရက်ညနေပိုင်းတွင် လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများ၊ မြေပြင်တွင် ပစ်ခတ်မှုများ ည ၈ နာရီကျော်အထိ ဖြစ်ပွားခဲ့ကြောင်း၊ ရင်း (၁၁) နေရာကို တပ်မတော်က နေရာယူခဲ့ပြီး ရင်း (၁၁) မှာ မသိမ်းပိုက်ခင်ကတည်းက Mobile အဖြစ် ပြုလုပ်ခဲ့ကြောင်း ပြောကြားသည်။

ကဆုန်းကျေးရွာနှင့် ဇွတ်မိုင်ယန်ကျေးရွာသား ၁၀၄၇ ဦးသည် ၂၀၁၇ ခုနှစ် သြဂုတ် ၁၁ ရက်တွင် တပ်မတော်စစ်ကြောင်းက ကဆုန်းရွာသို့ ဝင်ရောက်လာပြီးနောက် နမ္မတီးမြို့ လမ်းခွကျေးရွာတွင် သြဂုတ် ၂၂ ရက်အထိ ခေတ္တတိမ်းရှောင်ခဲ့ကြသည်။ ကဆုန်းဒေသမှ စစ်ရှောင်သူများသည် ပြည်နယ်အစိုးရလမ်း ညွှန်ချက်၊ ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့၏ ဆောင်ရွက်ချက်များဖြင့် တပ်မတော်နှင့် ကေအိုင်အေတို့နှင့် ညှိနှိုင်းပြီး ကချင်ပြည်နယ်အတွင်း ပထမဆုံး နေရပ်ပြန်နိုင်ခဲ့ခြင်းဖြစ်သည်။

Most Read

Most Recent