ကော့သောင်းမြို့တွင် နိုင်ငံတော်သမ္မတထောက်ခံပွဲ အင်အား ၃၀၀၀ ကျော်ဖြင့် ကျင်းပ

ကော့သောင်းမြို့တွင် နိုင်ငံတော်သမ္မတထောက်ခံပွဲ အင်အား ၃၀၀၀ ကျော်ဖြင့် ကျင်းပ
Published 23 April 2018

မြန်မာနိုင်ငံ တောင်ဘက်စွန်း ကော့သောင်းမြို့တွင် နိုင်ငံတော်သမ္မတထောက်ခံပွဲကို လူအင်အား ၃၀၀၀ ကျော်ဖြင့် ဧပြီ ၂၁ ရက်တွင် ကျင်းပခဲ့ကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ကော့သောင်းမြို့ ပိတောက်ရွှေဝါရပ်ကွက် အဝိုင်းပတ်ရှိ အများပြည်သူ နားနေဆောင်တွင်ကျင်းပသော နိုင်ငံတော်သမ္မတ ထောက်ခံပွဲသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်များနှင့် ပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံ၏ ၁၀ ဦးမြောက် သမ္မတဖြစ်လာသော သမ္မတဦးဝင်းမြင့်အား ကော့သောင်းမြို့ရှိ ဒေသခံပြည်သူများ ပိုစတာဆိုင်းဘုတ်များကိုင်ကာ ချီတက်ထောက်ခံခဲ့ကြောင်း သိရသည်။

“အခမ်းအနားကျင်းပတာကိုတော့ ဌာနဆိုင်ရာတွေက ဦးဆောင်စီစဉ်တာပါ။ ဒေသခံပြည်သူတွေကိုတော့ ကျွန်တော်တို့ဦးဆောင်ပြီး ဖိတ်ကြားပါတယ်။ မြန်မာနိုင်ငံရဲ့ ၁၀ ဦးမြောက် သမ္မတဖြစ်လာတဲ့ ဦးဝင်းမြင့်ကို ထောက်ခံတဲ့ ပြည်သူတွေအားလုံး တက်ရောက်နိုင်ကြောင်း ဖိတ်ကြားပါတယ်။ ပြည်သူတွေကလည်း သူတို့သဘောဆန္ဒနဲ့ တက်ရောက်လာကြတာပါ။ ကော့သောင်းမှာ ဌာနဆိုင်ရာတွေလည်း မလာမနေရဆိုတဲ့ ပုံစံမျိုးမဟုတ်ပါဘူး။ ဌာနဆိုင်ရာ ဝန်ထမ်းတွေလည်း သူတို့ဆန္ဒအတိုင်း တက်ရောက်လာကြတာပါ။ လူအင်အား ၃၀၀၀ ကျော်လောက် ရှိပါတယ်” ဟု ကော့သောင်းခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြန်ကြားရေးတာဝန်ခံ ဦးလတ်ကိုကိုဦးက ပြောကြားသည်။

နိုင်ငံတော်သမ္မတကို ကြိုဆိုသည့် ဆိုင်းဘုတ်အား ကော့သောင်းခရိုင်အုပ်ချုပ်ရေးမှူး ဦးဆောင်သောအဖွဲ့က ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပြီး ဆိုင်းဘုတ် စက်ခလုတ်နှိပ်ဖွင့်လှစ်ခြင်းကို တိုင်းဒေသကြီး လွတ်တော်ကိုယ်စားလှယ် ဦးနေထွန်းက ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent