မိတ္ထီလာမြို့ ပြည်သာယာရပ်ကွက်တွင် လှည့်ကင်းဆောင်ရွက်စဉ် မသင်္ကာဖွယ် ဆိုင်ကယ်စီးနင်းလာသူ နှစ်ဦးအား တားဆီးစစ်ဆေးရာမှ စိတ်ကြွဆေးပြား ၂၄၀၀ ကျော် ဖမ်းဆီးရမိ

မိတ္ထီလာမြို့ ပြည်သာယာရပ်ကွက်တွင် လှည့်ကင်းဆောင်ရွက်စဉ် မသင်္ကာဖွယ် ဆိုင်ကယ်စီးနင်းလာသူ နှစ်ဦးအား တားဆီးစစ်ဆေးရာမှ စိတ်ကြွဆေးပြား ၂၄၀၀ ကျော် ဖမ်းဆီးရမိ
Published 23 April 2018

မိတ္ထီလာမြို့ အမှတ် (၃) နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် ပြည်သာယာရပ်ကွက်တွင် လှည့်ကင်းဆောင်ရွက်စဉ် မသင်္ကာဖွယ် ဆိုင်ကယ်စီးနင်းလာသူနှစ်ဦးအား တားဆီးစစ်ဆေးရာမှ စိတ်ကြွဆေးပြား ၂၄၀၀ ကျော်နှင့် လူငယ်တစ်ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း မိတ္ထီလာမြို့ အမှတ် (၃) နယ်မြေရဲစခန်းမှ သိရသည်။

ဧပြီ ၂၁ ရက် နံနက် ၃ နာရီခန့်က မိတ္ထီလာမြို့ အမှတ် (၃) နယ်မြေရဲစခန်းမှ ဒုရဲအုပ်သိပ္ပံနှင့်အဖွဲ့သည် သက်သေများနှင့်အတူ မိတ္ထီလာမြို့ ပြည်သာယာရပ်ကွက် (၆) လမ်း ပိတောက်ရွှေဝါလမ်းထောင့်တွင် လှည့်ကင်းဆောင်ရွက်နေစဉ် ဆိုင်ကယ်တစ်စီး ရောက်ရှိလာသဖြင့် မေးမြန်းရာ ဆိုင်ကယ်နောက်မှ လိုက်ပါလာသူ ထွက်ပြေးသွားပြီး ကျန်တစ်ဦးမှာ မိတ္ထီလာမြို့ ဇောင်ချမ်းကုန်းကျေးရွာနေ သူရိန်ထွန်း (၂၃ နှစ်) ဖြစ်ကြောင်း သိရသည်။

ယင်းနောက် ဆိုင်ကယ်အား ဆက်လက်စစ်ဆေးရာ ဆိုင်ကယ်ယာဘက်လက်ကိုင်တွင် ချိတ်ထားသော ချည်သားအနက်ရောင် အိတ်တစ်လုံးတွေ့ရှိရပြီး သက်သေများရှေ့တွင် ဖွင့်ဖောက်စစ်ဆေးရာ ဖုန်းထည့်သည့် ဘူးတစ်ဘူး၊ ၈၈/၁ စာတမ်းပါ စိတ်ကြွဆေးပြားဟု ယူဆရသော ပန်းရောင်ဆေးပြား တစ်ထုပ်လျှင် အပြား ၂၀၀ ပါ အထုပ် ၁၂ ထုပ်၊ စုစုပေါင်း အပြား ၂၄၀၀၊ ၈၈/၁ စာတမ်းပါ စိတ်ကြွဆေးပြားဟု ယူဆရသော ပန်းရောင်ဆေးပြား တစ်ထုပ်လျှင် ၁၀ ပြားပါ အထုပ်သေးခုနစ်ထုပ် စုစုပေါင်းအပြား ၇၀၊ ကျပ် ၅၀၀၀ နှင့် မူးယစ်ဆေးပြား သုံးစွဲရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိသဖြင့် သူရိန်ထွန်းအား စစ်ဆေးခဲ့ရာ လွန်ခဲ့သောရက်က သီပေါမြို့နေ အမျိုးသားတစ်ဦးထံမှ ပြန်လည်ရောင်းချရန် ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း ကနဦးစစ်ဆေးချက်အရ သိရသည်။

“၂၀၀ ပြားပါ အထုပ်တွေကနေ ၂၄၀၀ ပြားရယ်၊ ၁၀ ထုပ်ကို ပလတ်စတစ်အိတ် အထုပ်သေးလေးတွေနဲ့ သေချာထုပ်ထားတာ ခုနစ်ထုပ်ဆိုတော့ စုစုပေါင်း ၂၄၇၀ ပြား မိတာပါ။ ရဲတွေနဲ့ ရပ်ကွက်လူကြီးတွေက ပထမတော့ လှည့်ကင်းလှည့်တာ။ သတင်းကတော့ ရနေတာကြာပြီ။ ဟုတ် မဟုတ် သေချာမသိဘူး။ ဒီနေရာကို လာမယ်လို့ထင်တယ်။ အဲဒီမှာ တိုက်တိုက်ဆိုင်ဆိုင်ကို ရောက်ချလာတယ်။ လှည့်ကင်းလှည့်တဲ့အချိန်မှာ ရဲတပ်ဖွဲ့ဝင်တွေက ရောင်ပြန်တွေပါတယ်လေ။ အဲဒီရောင်ပြန်တွေ မြင်လိုက်တာနဲ့ ဆိုင်ကယ်နောက်က ထိုင်လိုက်တဲ့လူက ထွက်ပြေးသွားတယ်။ အဲဒီမှာ စစ်ဆေးလိုက်တော့ ဇောင်ချမ်းကုန်းကျေးရွာကဆိုတာနဲ့ ဆေးပြားတွေ တွေ့လာတော့ ဖမ်းဆီးလိုက်တာ။ အခုထွက်ပြေးသွားတဲ့ လူနောက်ကိုလည်း ကျွန်တော်တို့ ရဲတပ်ဖွဲ့ဝင်တွေ ထက်ကြပ်လိုက်နေပါတယ်” ဟု မိတ္ထီလာမြို့ အမှတ် (၃) နယ်မြေရဲစခန်းမှ ဒုရဲအုပ်သိပ္ပံက ပြောကြားသည်။

အဆိုပါအမှုအား မိတ္ထီလာမြို့ ပြည်သာယာရပ်ကွက် အမှတ် (၃) နယ်မြေရဲစခန်းက မယ (ပ) ၃/၂၀၁၈ မူး/စိတ်ပုဒ်မ ၁၉ (က) ၂၀ (က) ၂၁ ဖြင့် အမှုဖွင့်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent