ရခိုင်လူငယ်ညီလာခံ ကျင်းပနိုင်ရေးအတွက် ရခိုင်လူငယ်ညီလာခံ ဖြစ်မြောက်ရေးအဖွဲ့နှင့် လက်ခံကျင်းပမည့် တောင်ကုတ်မြို့ရှိ အရပ်ဘက်အဖွဲ့အစည်းများ တွေ့ဆုံဆွေးနွေး

ရခိုင်လူငယ်ညီလာခံ ကျင်းပနိုင်ရေးအတွက် ရခိုင်လူငယ်ညီလာခံ ဖြစ်မြောက်ရေးအဖွဲ့နှင့် လက်ခံကျင်းပမည့် တောင်ကုတ်မြို့ရှိ အရပ်ဘက်အဖွဲ့အစည်းများ တွေ့ဆုံဆွေးနွေး
Published 23 April 2018

ရခိုင်တစ်မျိုးလုံးဆိုင်ရာ ရခိုင်လူငယ်ညီလာခံ ကျင်းပနိုင်ရေးအတွက် လူငယ်ညီလာခံဖြစ်မြောက်ရေး ဦးဆောင်ကော်မတီအဖွဲ့နှင့် လက်ခံကျင်းပမည့် တောင်ကုတ်မြို့ရှိ အရပ်ဘက်အဖွဲ့အစည်းများ တွေ့ဆုံဆွေးနွေးပွဲတစ်ရပ်ကို တောင်ကုတ်မြို့ ရခိုင်လူငယ်ညီလာခံ ဖြစ်မြောက်ရေးရုံးတွင် ဧပြီ ၂၁ ရက်က ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

တွေ့ဆုံဆွေးနွေးပွဲတွင် လူငယ်ညီလာခံ ကျင်းပနိုင်ရေးအတွက် တောင်ကုတ်မြို့ရှိ အရပ်ဘက်အဖွဲ့အစည်းများမှ လက်ခံကျင်းပရေး ကော်မတီလေးရပ် ဖွဲ့စည်းခြင်း၊ လက်ခံကျင်းပရေး ကော်မတီဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ ရွေးချယ်ဖွဲ့စည်းခြင်း၊ ပွဲကျင်းပမည့်နေရာ ရွေးချယ်ခြင်း၊ ပွဲကျင်းပခွင့်ပါမစ် ကိစ္စရပ်များ အပါအဝင် ဧည့်ခံကျွေးမွေးရေး၊ လုံခြုံရေး၊ စည်းကမ်းထိန်းသိမ်းရေးများကိုလည်း ဆွေးနွေးကာ ဆုံးဖြတ်ချက်ချမှတ်ခဲ့ကြကြောင်း လူငယ်ညီလာခံကျင်းရေး ဦးဆောင်ကော်မတီ ဦးဝင်းဇော်က ပြောကြားသည်။

“မေ ၁ ရက်ကနေ ၅ ရက်အထိ လူငယ်ညီလာခံကို တောင်ကုတ်မြို့မှာ ကျင်းပဖို့အတွက် ကျွန်တော်တို့ တောင်ကုတ်မြို့ရဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ အကုန်လုံးနဲ့ ဆွေးနွေးကြတယ်။ ဆွေးနွေးပြီးတဲ့အခါ ကော်မတီလေးရပ်ဖွဲ့တယ်။ အဲဒီအထဲမှာ လက်ခံကျင်းပရေး ကော်မတီဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌတွေကို ဖွဲ့စည်းတယ်။ ပြီးတော့ ပါမစ်ကိစ္စလေးတွေကိုလည်း ထည့်ပြီးတော့ ဆွေးနွေးဖြစ်တယ်။ ပါမစ်ကို ပြည်နယ်အစိုးရက ၂၄ ရက်လောက်ကို ချပေးမယ်လို့သိရတယ်။ ဒီက ဒီညီလာခံကို အမှန်တကယ်လုပ်မယ်ဆိုတဲ့အတွက်ကြောင့် မြို့ခံတွေရဲ့အင်အားက အင်မတန်မှအရေးကြီးပါတယ်။ အဲဒါကြောင့် ဒီမြို့ခံတွေရဲ့ အဖွဲ့အစည်းတွေကို ဖိတ်ခေါ်ပြီးတော့ ဆွေးနွေးခဲ့တယ်။ ညီလာခံ ဘယ်လိုကျင်းပမယ်။ ချက်ပြုတ်ကျွေးမွေးရေးအပိုင်း၊ နေရာချထားရေး၊ ဧည့်ခံကျွေးမွေးရေး၊ လုံခြုံရေး၊ စည်းကမ်းထိန်းသိမ်းရေး အပိုင်းတွေကို ဆွေးနွေးပြီးတော့ ဆုံးဖြတ်ချက်တွေ ချထားခဲ့တယ်” ဟု လူငယ်ညီလာခံကျင်းရေး ဦးဆောင်ကော်မတီ ဦးဝင်းဇော်က ပြောကြားသည်။

အဆိုပါ ရခိုင်တစ်မျိုးသားလုံးဆိုင်ရာ လူငယ်ညီလာခံကို ရခိုင်ပြည်နယ် တောင်ကုတ်မြို့တွင် ပထမဆုံးအကြိမ် လက်ခံကျင်းပမည့် ပွဲတစ်ပွဲဖြစ်ပြီး ဦးဆောင်ကော်မတီများအနေဖြင့် စီမံချက်၊ စီမံကိန်းများရေးဆွဲရာတွင် စနစ်တကျ အသေအချာ ရေးဆွဲထားရန် လိုအပ်ကြောင်းနှင့် တောင်ကုတ်မြို့ခံများ အနေဖြင့်လည်း အတတ်နိုင်ဆုံး ပါဝင်ကူညီဆောင်ရွက်ပေးရန် အသင့်အနေအထားရှိကြောင်း တောင်ကုတ်မြို့ စည်ပင်ကော်မတီဥက္ကဋ္ဌက ပြောကြားသည်။

“အခုတောင်ကုတ်မှာ ကျင်းပမယ့်ညီလာခံဟာ တောင်ကုတ်ရဲ့ သမိုင်းဆိုရင်လည်း မမှားပါဘူး။ အတတ်နိုင်ဆုံး ကျွန်တော်တို့လည်း အဲဒါကြောင့် ဒီနေရာမှ ကမောက်ကမဖြစ်သွားရင် ကျွန်တော်တို့ တောင်ကုတ်မြို့အတွက်လည်း သိက္ခာကျသွားမယ့် အနေအထားလည်း ဖြစ်ကောင်းဖြစ်လာနိုင်တယ်။ ယင်းကြောင့် အတတ်နိုင်ဆုံး ဝိုင်းဝန်းပြီးတော့ ကူညီရမယ်။ အဲဒါကြောင့် ဒီကလုပ်ကိုင်နေတဲ့ ဦးဆောင်ကော်မတီတွေကလည်း အဓိကစီမံချက်တွေ၊ စီမံကိန်းတွေ အသေအချာရေးဆွဲပြီးမှ ကိုယ့်ဘက်က သေချာအောင်လုပ်ထားပါ။ ကျွန်တော်တို့ဘက် အပိုင်းကတော့ အတတ်နိုင်ဆုံး ကူညီပေးသွားဖို့ အဆင်သင့်ဖြစ်ပါတယ်” ဟု တောင်ကုတ်မြို့ စည်ပင်ကော်မတီဥက္ကဋ္ဌ ဦးစန်းငွေက ပြောကြားသည်။

လူငယ်ညီလာခံကျင်းပရန် မြို့နယ်အလိုက် ဦးဆောင်ကော်မတီဝင်ငါးဦးနှင့် ညီလာခံတက်ရောက်ရန် ကိုယ်စားလှယ် ၁၅ ဦးစီရွေးချယ်ကာ လူငယ်ညီလာခံတွင် အဓိကခေါင်းစဉ်လေးခုရှိပြီး လူငယ်နှင့် နိုင်ငံရေး၊ လူငယ်နှင့် ပညာရေး၊ လူငယ်နှင့် အလုပ်အကိုင်အခွင့်အလမ်း၊ လူငယ်နှင့် မူးယစ်ဆေးဝါးစသည့် ထိုခေါင်းစဉ်လေးခုအနက် တစ်ခုခုတွင် ပါဝင်ဆွေးနိုင်သူများနှင့် ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း တွေ့ဆုံပွဲအား တက်ရောက်လာသည့် အရပ်ဘက်အဖွဲ့အစည်းများအား ဦးဆောင်ကော်မတီ ဦးခိုင်မိုးက ရှင်းလင်းပြောကြားသည်။

“AYC ၏ ကျောရိုးမဏ္ဍိုင်လေးခုဖြစ်သော လူငယ်နဲ့ နိုင်ငံရေး၊ လူငယ်နဲ့ပညာရေး၊ လူငယ်နဲ့မူးယစ်ဆေးဝါး၊ လူငယ်နဲ့ အလုပ်အကိုင်အခွင့်အလမ်းဆိုသည့် ကျောရိုးများထဲမှ တစ်ခုခုကို ရခိုင်ညီလာခံတွင် ဝင်ရောက်ဆွေးနွေး ပြောဆိုနိုင်သူဖြစ်ရမည်။ မိမိမြို့နယ်၏ အားသာချက်၊ အားနည်းချက်များကို ညီလာခံသို့ တင်သွင်းရမည့်စာတမ်းအား ပြုစုရာတွင် ပူးပေါင်းပါဝင် ရေးသားနိုင်သူဖြစ်ရမည်။ လူငယ်ညီလာခံ ကျင်းပနိုင်ရေးအတွက် ဖြစ်မြောက်ရေး ကော်မတီဝင်များတွင် တတ်နိုင်သည့်ဘက်မှ အချိန်ပေးလုပ်ဆောင်နိုင်သူ ဖြစ်ရမည်။ ရခိုင်လူငယ် ညီလာခံပြီးသည့်နောက်တွင် နောက်ပိုင်းထွက်လာသည့် ရလဒ်များအား အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ကျရာကဏ္ဍမှ တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်။ ဖော်ပြပါအရည်အချင်းများနှင့် ပြည့်စုံပါက မည်သည့်အဖွဲ့အစည်း၊ မည်သည့်ပါတီကမဆို ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ရွေးချယ်ပိုင်ခွင့်ရှိသည်။ ယင်းကိုယ်စားလှယ်များသည် မေ ၁ ရက်မှ ၅ ရက်အထိ တောင်ကုတ်တွင်ကျင်းပမည့် ညီလာခံအား တက်ရောက်နိုင်သူဖြစ်ရမည်။ ကျွန်တော်တို့ နယ်မြေအလိုက် ရွေးချယ်ရေးမူကို ချထားပါတယ်” ဟု ကျင်းပရေး ဦးဆောင်ကော်မတီ ဦးခိုင်မိုးက ပြောကြားသည်။

Most Read

Most Recent