သြင်္ကန်ကာလအတွင်း Complain Center မှတစ်ဆင့် YBS ယာဉ်လိုင်းများအား တိုင်ကြားမှု ၇၁ မှုအထိရှိ

သြင်္ကန်ကာလအတွင်း Complain Center မှတစ်ဆင့် YBS ယာဉ်လိုင်းများအား တိုင်ကြားမှု ၇၁ မှုအထိရှိ
Published 23 April 2018

သြင်္ကန်အတွင်း Complain Center မှတစ်ဆင့် YBS ယာဉ်များအားတိုင်ကြားမှု ၇၁ မှုရှိပြီး ယာဉ်စီးခ ပိုမိုကောက်ခံမှုကြောင့် တိုင်ကြားသည့်အမှု အများဆုံးဖြစ်ကြောင်း YRTA အဖွဲ့ဝင် ဦးလှအောင်က ပြောကြားသည်။

“သြင်္ကန်ရက်တွေမှာ သတ်မှတ်နှုန်းထားထက် ပိုတောင်းတယ်ဆိုကာ တိုင်ကြားခံထားရတဲ့ ယာဉ်လိုင်းတွေကို လတ်တလောမှာ စစ်ဆေးနေဆဲဖြစ်ပါတယ်။ Complain Center ကိုတိုင်တဲ့ ခရီးသည်တွေဘက်ကိုလည်း မှန်ကန်မှုရှိ မရှိ ပြန်လည်စိစစ်နေပါတယ်။ ခရီးသွားပြည်သူတွေဘက်ကပဲ စိစစ်ကြပ်မတ်မှုတွေ လုပ်ဆောင်သွားမှာဖြစ်ပါတယ်” ဟု ဦးလှအောင်က ပြောကြားသည်။

သြင်္ကန်ကာလအတွင်း ပြေးဆွဲသည့် YBS ယာဉ်လိုင်းအချို့သည် ကျပ် ၃၀၀၊ ကျပ် ၅၀၀ စသဖြင့် တိုးမြှင့်ကောက်ခံခဲ့ကြောင်း သြင်္ကန်တွင်း ခရီးသွားပြည်သူအချို့၏ ပြောကြားချက်အရ သိရသည်။ ထို့ပြင် အချို့လိုင်းကားမဟုတ်သော မီနီဘတ်စ်၊ လိုက်ထရပ်ကဲ့သို့ ယာဉ်များဖြင့် သြင်္ကန်တွင်း ကြားကားအဖြစ် ပြေးဆွဲမှုများလည်းရှိခဲ့ကြောင်း သိရသည်။

ရန်ကုန်မြို့နေ ပြည်သူများ သွားလာရေး အဆင်ပြေစေရန် ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့စီမံမှုဖြင့် ရန်ကုန်မြို့တွင် ပြေးဆွဲနေသော YBS ယာဉ်လိုင်း ၆၁ လိုင်း၊ ယာဉ်စီးရေ ၇၆၉ စီးဖြင့် ပုံမှန်ပြေးဆွဲလမ်းကြောင်းအတိုင်း သတ်မှတ်ယာဉ်စီးခနှုန်းထားဖြင့် ပြေးဆွဲမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အများပြည်သူသယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့က သြင်္ကန်ကာလမတိုင်မီ ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ သြင်္ကန်ကာလအတွင်း ပြေးဆွဲနေသည့် ခရီးသည်တင်ယာဉ်များအနေဖြင့် ယာဉ်စီးခ ပိုမိုတောင်းခံခြင်းမပြုရန် မထသ လက်ထက်ကလည်း ယာဉ်လိုင်းပိုင်ရှင်များကို အသိပေးပြောကြားမှုများ ရှိခဲ့သော်လည်း ယာဉ်စီးခ ပိုမိုကောက်ခံခြင်းသည် ကြုံတွေ့နေကျဖြစ်ကြောင်း သိရသည်။

၂၀၁၅ ခုနှစ် သြင်္ကန်ကာလအတွင်း ယာဉ်စီးခ ပိုမိုကောက်ခံမှုကြောင့် တိုင်ကြားမှု ၄၀ ခန့်ရှိပြီး ၂၀၁၆ ခုနှစ် သြင်္ကန်ကာလအတွင်း တိုင်ကြားမှု ၅၅ မှုရှိကြောင်း၊ ၂၀၁၇ ခုနှစ် သြင်္ကန်ကာလအတွင်း YBS ယာဉ်လိုင်းများနှင့် ပတ်သက်ပြီး ခရီးသည်တိုင်ကြားမှု ၃၈ မှုရှိခဲ့ကြောင်း သိရသည်။

Most Read

Most Recent