ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နေရပ်စွန့်ခွာ သွားကြသူများအနက် ဘင်္ဂါလီငါးဦး ပြန်လည်ဝင်ရောက်ပြီးနောက်ပိုင်း ထပ်မံဝင်ရောက်သူ တစ်ဦးတစ်ယောက်မျှ မရှိသေးကြောင်း သိရ

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နေရပ်စွန့်ခွာ သွားကြသူများအနက် ဘင်္ဂါလီငါးဦး ပြန်လည်ဝင်ရောက်ပြီးနောက်ပိုင်း ထပ်မံဝင်ရောက်သူ တစ်ဦးတစ်ယောက်မျှ မရှိသေးကြောင်း သိရ
Published 23 April 2018

ပြန်လည်ဝင်ရောက်လာသူများအား လက်ခံရေးစခန်းတွင် စိစစ်မှုများ လုပ်ဆောင်နေစဉ်

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နေရပ်စွန့်ခွာ သွားခဲ့ကြသူများအနက် ဘင်္ဂါလီငါးဦး ဝင်ရောက်ပြီးနောက်ပိုင်း ဆက်လက်၍ ပြန်လည်ဝင်ရောက်လာမည့်သူများအား လက်ခံရေး ဆောင်ရွက်ခဲ့ရာ တစ်ပတ်ကြာသည်အထိ ဟိန္ဒူ၊ ဘင်္ဂါလီ တစ်ဦးတစ်ယောက်မျှ ပြန်လည်ဝင်ရောက်မှု မရှိသေးကြောင်း သိရသည်။

“အဲဒီ ငါးဦးဝင်လာပြီးနောက်ပိုင်း ထပ်ဝင်လာတာ မရှိသေးပါဘူး။ ကျွန်တော်တို့ကတော့ ဇန်နဝါရီ ၂၃ ရက်ကတည်းက အဆင်သင့် ဆောင်ရွက်နေပါတယ်” ဟု လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကိုကိုသော်က ဧပြီ ၂၂ ရက် မွန်းလွဲပိုင်းက ပြောကြားသည်။

မောင်တောမြို့နယ် တောင်ပြို (လက်ဝဲ) မြို့ ပြန်လည်လက်ခံရေးစခန်း၌ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကိုကိုသော် ဦးဆောင်သည့်အဖွဲ့၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးသောင်းရွှေ ဦးဆောင်သည့်အဖွဲ့၊ လက်ထောက်မီးသတ်ဦးစီးမှူး ဦးခိုင်မင်းနိုင် ဦးဆောင်သည့်အဖွဲ့၊ ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် အထက်တန်းသူနာပြု ဦးသန်းဝင်း ဦးဆောင်သည့်အဖွဲ့တို့ဖြင့် လည်းကောင်း၊ ငါးခူရပြန်လည်လက်ခံရေးစခန်း၌ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဝင်းခိုင် ဦးဆောင်သည့်အဖွဲ့၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းအောင်ဌေး ဦးဆောင်သည့်အဖွဲ့၊ လက်ထောက်မီးသတ်ဦးစီးမှူး ဦးမောင်ထွေး ဦးဆောင်သည့်အဖွဲ့၊ ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် အထက်တန်းသူနာပြု ဦးအောင်မင်းခန့် ဦးဆောင်သည့်အဖွဲ့တို့ဖြင့်လည်းကောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာမည့်သူများအား နေ့စဉ်လက်ခံရေး ဆောင်ရွက်ခဲ့ရာ ဟိန္ဒူ၊ မွတ်စလင် ပြန်လည်ဝင်ရောက်မှုမရှိကြောင်း ပြည်ထဲရေး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

မောင်တောဒေသ အကြမ်းဖက်ဖြစ်စဉ်ကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နေရပ်စွန့်ခွာသွားကြသူများအနက် ဘင်္ဂါလီငါးဦးသည် ဧပြီ ၁၄ ရက်က မြန်မာနိုင်ငံသို့ စတင်ဝင်ရောက်ခဲ့ကြောင်း ပြန်ကြားရေး သတင်းထုတ်ပြန်ချက်အရ သိရသည်။

မောင်တောဒေသ အကြမ်းဖက်ဖြစ်စဉ်ကြောင့် နေရပ်စွန့်ခွာသွားခဲ့ကြသည့် မိသားစုဝင်များအနက် အစ္စလာမ်ဘာသာဝင် အဲဖ်တာအာလွမ်ပါ မိသားစုဝင်ငါးဦးတို့သည် တောင်ပြိုလက်ဝဲမြို့ ပြန်လည်လက်ခံရေးစခန်းသို့ ပြန်လည်ဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ပြန်လည်ဝင်ရောက်လာသော မိသားစုဝင်ငါးဦးအား ပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနက ၁၉၈၂ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သော နိုင်ငံသားဖြစ်မှု ဥပဒေနှင့်အညီ စစ်ဆေးခြင်း၊ နိုင်ငံအတွင်း အမှန်တကယ် နေထိုင်ခဲ့ခြင်း ရှိ၊ မရှိ စိစစ်ခြင်းနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် မှတ်ပုံတင်ရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပြီး သတ်မှတ်ချက်နှင့်ညီသော မိသားစုဝင်များအား NV (National Verification) ကတ်ပြားများကို နေ့ချင်းပြီး ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ပြန်လည်ဝင်ရောက်လာသော မိသားစုဝင်များအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်နယ်ကျန်းမာရေးဦးစီးဌာနက မိသားစုဝင်တစ်ဦးချင်းတို့ကို ကျန်းမာရေးစစ်ဆေးပေးခဲ့ပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ဆန်၊ ခြင်ထောင်၊ စောင်၊ တီရှပ်၊ ကျားဝတ်/မဝတ်လုံချည်များနှင့် မီးဖိုချောင်သုံးပစ္စည်းများကို ထောက်ပံ့ပေးကာ နေရပ်သို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ပြန်လည်ဝင်ရောက်လာသူ ငါးဦးအား ပြန်လည်လက်ခံရေးနှင့် NV ကတ် ပြုလုပ်ပေးရေး ဆောင်ရွက်ရာသို့ မောင်တောခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲထူး၊ မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်ခိုင်၊ တောင်ပြိုလက်ဝဲမြို့ အုပ်ချုပ်ရေးမှူး၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ ရဲမှူးကြီးဥက္ကာကို၊ လူဝင်မှုကြီးကြပ်ရေးနှင့် မှတ်ပုံတင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကိုကိုသော်၊ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ဝင်းနှင့် ဌာနဆိုင်ရာဝန်ထမ်းများက လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ယခုပြန်လည်ဝင်ရောက်လာသည့် မိသားစုဝင်ငါးဦးအား မောင်တောမြို့ပေါ်ရှိ ၎င်းတို့၏ ဆွေမျိုးများနေအိမ်၌ ယာယီနေရာချထား ပို့ဆောင်ပေးခဲ့ကြောင်းနှင့် ဖြစ်စဉ်ကြောင့် နေရပ်စွန့်ခွာစဉ် ကြုံတွေ့ခဲ့ရသည့် အခက်အခဲများ၊ အခြားမိသားစုဝင်များ၏ အခြေအနေမှန်ကို တွေ့ဆုံမေးမြန်းပြီး ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်အတွက် အထောက်အကူပြုနိုင်မည့် အချက်များကို ဆက်လက်စုံစမ်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent