ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲစာရင်းစတင်ပြုစုရန် လွှတ်တော်ကိုယ်စားလှယ် လစ်လပ်နေသည့် မဲဆန္ဒနယ် ၁၂ နေရာရှိ သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ့များအား ညွှန်ကြားထား

ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲစာရင်းစတင်ပြုစုရန် လွှတ်တော်ကိုယ်စားလှယ် လစ်လပ်နေသည့် မဲဆန္ဒနယ် ၁၂ နေရာရှိ သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ့များအား ညွှန်ကြားထား
Published 22 April 2018

၂၀၁၇ ခုနှစ် ဧပြီ ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲတွင် ကော့မှူးမြို့နယ် မဲရုံတစ်ရုံတွင် ဆန္ဒမဲများ ရေတွက်နေစဉ် (ဓာတ်ပုံ-ကြည်နိုင်)

၂၀၁၈ ခုနှစ်အတွင်း ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲစာရင်းစတင်ပြုစုရန် လွှတ်တော်ကိုယ်စားလှယ် လစ်လပ်နေသည့် မဲဆန္ဒနယ် (၁၂) နေရာရှိ သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများအား ညွှန်ကြားထားကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောကြားသည်။

၂၀၁၈ ခုနှစ်အတွင်း ကြားဖြတ်ရွေးကောက်ပွဲတစ်ရပ် ကျင်းပမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြောကြားခဲ့ပြီး ကျင်းပမည့်ရကိုမူ မထုတ်ပြန်သေးပေ။

“မဲစာရင်းစပြီး ပြုစုဖို့ လုပ်ဖို့တော့ ပြောလိုက်ပြီ။ ညွန်ကြားထားပြီ။ မဲစာရင်းတွေကတော့ ရွေးကောက်ပွဲ ကျင်းပမယ့် ရက်ကြေညာပြီးတဲ့ အခါကျတော့ မဲစာရင်းတွေကပ်ဖို့ ရှိတယ်လေ။ အဲဒါသူ့အချိန်ဇယားအတိုင်း သွားမှာပေါ့။ မဲစာရင်းတွေကို ဘယ်နှရက်ကပ်မယ်။ ကန့်ကွက်မယ့်လူတွေ၊ ပြင်ချင်တဲ့လူတွေက ဘယ်လိုပြင်ဆင်ပါဆိုပြီးတော့ အချိန်ဇယား ထွက်လာမှာပေါ့” ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောကြားသည်။

ထို့ပြင် ပဲခူးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ အတွင်းရေးမှူး ဦးအောင်ကျော်မိုးကလည်း ဧပြီ ၁၉ ရက်မှစ၍ မဲစာရင်းပြုစုနေကြောင်း The Daily Eleven သတင်းစာကို ပြောကြားသည်။

“Door to Door ကောက်တာ မဟုတ်ဘူး။ ရပ်ကျေးအုပ်ချုပ်ရေးမှူးမှာရှိတဲ့ ပုံစံ ၁၀ နဲ့ ၆၆/၆ ကို ယူလိုက်မယ်။ ယူပြီးသွားရင် ၁၈ နှစ်ပြည့်တဲ့ လူကို ကူးထည့်မယ်။ သေတဲ့လူတွေကိုဖယ်။ ပြီးရင် အဲဒီဟာကို မဲစာရင်းနဲ့ သွားတိုက်ရမယ်။ ၂၀၁၅ မဲစာရင်းနဲ့ ကွန်ပျူတာထဲမှာ တိုက်စစ်ရမယ်။ ပြီးရင် မိသားစုလိုက်ဖြစ်အောင် လုပ်ရမယ်” ဟု ပဲခူးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ အတွင်းရေးမှူး ဦးအောင်ကျော်မိုးက ပြောကြားသည်။

ကြားဖြတ်ရွေးကောက်ပွဲ၌ မဲစာရင်းကြေညာရာတွင် အိမ်ထောင်စုအလိုက် ထုတ်ပြန်ကြေညာပေးမည်ဖြစ်ကြောင်း ရွေးကောက်ပွဲ ကော်မရှင်က ဆိုထားသည်။

ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမည့်နေရာနှင့် ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင်က “ပထမတော့ ၁၀ နေရာရှိတယ်။ နောက်ထပ် နှစ်နေရာထပ်ပေါ်တယ်။ မြင်းခြံက တစ်ယောက်က ကွယ်လွန်သွားတယ်။ တာမွေနဲ့ဆို ၁၂ နေရာလောက် ရှိတာပေါ့။ သို့သော် ကျွန်တော်တို့ ဘယ်နှနေရာ ကျင်းပမယ်ဆိုတာတော့ သဘာဝဘေးအန္တရာယ်၊ ဘာညာ၊ ဘာမှမရှိဘူးဆိုရင်တော့ အကုန်ကျင်းပပေးမှာပေါ့နော်။ ဥပဒေအတိုင်း။ တချို့နေရာတွေမှာ လုံခြုံရေးအရ ဘာညာအဲဒါမျိုးတွေနဲ့ ဆိုရင်တော့ တစ်မျိုးပေါ့နော်။ အခုတော့ ၁၂ နေရာ လစ်လပ်တာပေါ့နော်။ ကျွန်တော်တို့ မဲဆန္ဒနယ်စာရင်းလည်း ကြေညာမှာပါ။ လစ်လပ်တဲ့ မဲဆန္ဒနယ်တွေ ကြေညာမှာပါ။ ကြေညာပြီးတော့မှ ဘယ်နေ့ကျင်းပမယ်။ ကိုယ်စားလှယ်လောင်းတွေ ဘယ်နေ့မှာ လာစာရင်းသွင်းပါ။ အဲဒါတွေကြိုပြီး ကြေညာမှာပါ” ဟု ဆက်လက်ပြောကြားသည်။

ပြည်သူ့လွှတ်တော်၌ ချင်းပြည်နယ် ကန်ပက်လက်မဲဆန္ဒနယ်၊ ရှမ်းပြည်နယ်လဲချားမဲဆန္ဒနယ်၊ ရန်ကုန်တိုင်းဒေသကြီး တာမွေမဲဆန္ဒနယ်၊ မန္တလေးတိုင်းဒေသကြီး မြင်းခြံမဲဆန္ဒနယ်နှင့် အမျိုးသားလွှတ်တော်၌ ကချင်ပြည်နယ်မဲဆန္ဒနယ် အမှတ် (၂) တို့တွင် လွှတ်တော်ကိုယ်စားလှယ် လစ်လပ်လျက် ရှိသည်။

ထို့ပြင် ပြည်နယ်လွှတ်တော်၌ ချင်းပြည်နယ် မတူပီမဲဆန္ဒနယ် အမှတ်(၁)၊ ရခိုင်ပြည်နယ် ရသေ့တောင်မဲဆန္ဒနယ် အမှတ်(၂)၊ တိုင်းဒေသကြီးလွှတ်တော်တွင် စစ်ကိုင်းတိုင်းဒေသကြီး တမူးမဲဆန္ဒနယ် အမှတ်(၂)၊ ပဲခူးတိုင်းဒေသကြီး အုတ်တွင်းမဲဆန္ဒနယ် အမှတ်(၁)၊ မကွေးတိုင်းဒေသကြီး မင်းဘူးမဲဆန္ဒနယ် အမှတ်(၂)၊ မန္တလေးတိုင်းဒေသကြီး သပိတ်ကျဉ်းမဲဆန္ဒနယ်အမှတ်(၁)နှင့် မန္တလေးတိုင်းဒေသကြီး ရှမ်းတိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်တို့မှာ လွှတ်တော်ကိုယ်စားလှယ် လစ်လပ်နေကြောင်း သိရသည်။

Most Read

Most Recent