ရန်ကုန်မြို့တွင် အဆင့်မြင့်ရုံးခန်း အဆောက်အအုံနေရာ စတုရန်းမီတာ ၃၅၀,၀၀၀ ကျော်ရှိလာပြီး ငှားရမ်းမှုနှုန်း ဆက်လက် လျော့နည်းလာရာ ယခင်နှစ် ကာလတူထက် ငှားရမ်းခဈေးနှုန်း ၃ ဒသမ ၅ ရာခိုင်နှုန်းဝန်းကျင် ကျဆင်း

ရန်ကုန်မြို့တွင် အဆင့်မြင့်ရုံးခန်း အဆောက်အအုံနေရာ စတုရန်းမီတာ ၃၅၀,၀၀၀ ကျော်ရှိလာပြီး ငှားရမ်းမှုနှုန်း ဆက်လက် လျော့နည်းလာရာ ယခင်နှစ် ကာလတူထက် ငှားရမ်းခဈေးနှုန်း ၃ ဒသမ ၅ ရာခိုင်နှုန်းဝန်းကျင် ကျဆင်း
Published 22 April 2018

ရန်ကုန်မြို့ရှိ အဆင့်မြင့်ရုံးခန်းများ ပါဝင်သည့် အထပ်မြင့် အဆောက်အအုံတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-စည်သူအောင်)

၂၀၁၈ ခုနှစ် ပထမ သုံးလပတ်အထိ ရန်ကုန်မြို့တွင် အဆင့်မြင့်ရုံးခန်း အဆောက်အအုံနေရာ စတုရန်းမီတာ ၃၅၀,၀၀၀ ကျော် ရှိလာပြီး ငှားရမ်းမှုနှုန်း ဆက်လက် လျော့နည်းလာရာ ယခင်နှစ် ကာလတူထက် ငှားရမ်းခဈေးနှုန်း ၃ ဒသမ ၅ ရာခိုင်နှုန်းဝန်းကျင် ကျဆင်းခဲ့ကြောင်း အမေရိကန်အခြေစိုက် နိုင်ငံတကာ အိမ်ခြံမြေဝန်ဆောင်မှုလုပ်ငန်း Colliers International (Myanmar) က ဈေးကွက် သုံးသပ်ထားသည်။

၂၀၁၇ ခုနှစ်အတွင်း ရုံးခန်း အဆောက်အအုံသစ်များ ထွက်ရှိလာမှုနှင့်အတူ ၂၀၁၈ ခုနှစ် မတ်လကုန်အထိ စတုရန်းမီတာ ၃၅၀,၀၀၀ ဝန်းကျင် ရှိနေပြီး ၂၀၁၈ ခုနှစ်အတွင်း စတုရန်း မီတာ ၈၃,၀၀၀ ကျော် ထပ်မံ ထွက်ရှိမည်ဖြစ်ရာ ၂၀၁၇ ခုနှစ်ကထက် ၁၇ ရာခိုင်နှုန်း ပိုမို တိုးတက်လာမည် ဖြစ်သည်။ လာမည့်နှစ်နှစ်မှ သုံးနှစ်အတွင်း ရုံးခန်း အဆောက်အအုံသစ် နေရာ စတုရန်းမီတာ ၂၇၀,၀၀၀ ဝန်းကျင် ထပ်မံ ထွက်ရှိလာမည်ဟု မျှော်မှန်းထားပြီး Kantharyar Office Tower ၊ Red - Hill Mix-Use Tower ၊ Time City Office Tower စသည်တို့ ပါဝင်သည်။

နိုင်ငံတကာ စီးပွားရေးလုပ်ငန်းများ ဆက်လက် ဝင်ရောက်လာမှုနှင့် ရှိနှင့်ပြီး ပြည်တွင်းပြည်ပ လုပ်ငန်းအချို့၏ လုပ်ငန်းတိုးချဲ့မှုများကြောင့် ရုံးခန်းနေရာ လိုအပ်ချက် မြင့်မားသော်လည်း ငှားရမ်းမှုနှုန်းများ လျော့ကျလျက် ရှိသည်။ ဈေးကွက်ဝင်ပြီး ရုံးခန်း အဆောက်အအုံ နေရာများ၏ ၆၈ ရာခိုင်နှုန်း ငှားရမ်းမှုရှိပြီး ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် စတုတ္ထ သုံးလပတ်နှင့် နှိုင်းယှဉ်ပါက ကျဆင်းခဲ့ပြီး ငှားရမ်းခများလည်း ဆက်လက် လျော့နည်းလာခဲ့ကြောင်း သိရသည်။

၂၀၁၇ နှစ်ကုန်ပိုင်းတွင်း ရန်ကုန်မြို့ပြင်ရှိ အဆောက်အအုံများ ဖြစ်သော မရမ်းကုန်းမြို့နယ်ရှိ ပြည်ငြိမ်းသူတာဝါ၊ ရန်ကင်းမြို့နယ်ရှိ Golden City Business Centre ၊ ကမာရွတ်မြို့နယ်ရှိ Crystal Tower ၊ Regency Office Tower တို့ အသစ် ထွက်ပေါ်ခဲ့ပြီး အဆင့်မြင့် ရုံးခန်းနေရာ ၃၅၆၀၀၀ ကျော် ရှိလာကာ ယခင်နှစ် ကာလတူထက် ၂၂ ရာခိုင်နှုန်း တိုးတက်ခဲ့သည်။

Colliers International ၏ ခန့်မှန်းချက်အရ ရုံးခန်း အငှားဈေးကွက်အတွင်း ပိုမို ယှဉ်ပြိုင်လာရမည်ဖြစ်ပြီး အွန်လိုင်းမှ တစ်ဆင့် ငှားရမ်းမှုများလည်း များပြားလာမည် ဖြစ်သည်။ ထို့ပြင် အရွယ်အစားကြီးမားပြီး နိုင်ငံတကာ အဆင့်အတန်းမီသော ရုံးခန်း အဆောက်အအုံများသည် သမားရိုးကျ မဟုတ်သော ငှားရမ်းမှုများကို ပိုမို ဝန်ဆောင်ပေးလာနိုင်မည် ဖြစ်ပြီး အသေးစားနှင့် အလတ်စား ရုံးခန်းငှားရမ်းသူများက ပုံမှန်ရုံးခန်းဈေးကွက်ကို ဆက်လက် အားပြုနိုင်မည် ဖြစ်သည်။

လက်ရှိ ရုံးခန်း အဆောက်အအုံ ငှားရမ်းခများသည် တစ်တုရန်းမီတာလျှင် (တစ်လ) ၂၃ ဒေါ်လာမှ ၅၈ ကြားရှိပြီး မြို့တွင်း နေရာများနှင့် အဆင့်မြင့် အဆောက်အအုံများသည် ဈေးနှုန်းပိုမို ရရှိသည်။ အဆောက်အအုံ နေရာသစ်များ ထွက်ပေါ်မှု၊ ဈေးကွက်အတွင်း ယှဉ်ပြိုင်မှုများ ပိုမိုပြင်းထန်လာခြင်းများကြောင့် သက်တမ်းကြာမြင့်ပြီး အရည်အသွေး နိမ့်သည့် ရုံးခန်း အဆောက်အအုံနေရာများသည် အနာဂတ်ကာလတွင် ဈေးနှုန်းရရှိမှု ပိုမိုနည်းပါးလာမည် ဖြစ်သည်။ လက်ရှိ ဈေးကွက်အတွင်း ရုံးခန်း အဆောက်အအုံများ၏ ပျမ်းမျှ ငှားရမ်းမှုဈေးနှုန်းသည် ၂၀၁၈ ခုနှစ် ပထမ သုံးလပတ်တွင် ၄၃ ဒေါ်လာဝန်းကျင် ဖြစ်ပြီး ယခင် သုံးလပတ်နှင့်နှိုင်းယှဉ်ပါက ၀ ဒသမ ၄ ရာခိုင်နှုန်း၊ ယခင်နှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက ၃ ဒသမ ၅ ရာခိုင်နှုန်းဝန်းကျင် ကျဆင်းခဲ့ကာ လာမည့် ၂၀၁၉ ခုနှစ် ပထမ သုံးလပတ်တွင် ပျမ်းမျှငှားရမ်းခနှုန်း ၄၂ ဒသမ ၆ ဒေါ်လာ သာရှိမည်ဟု Colliers က မျှော်မှန်းထားသည်။

Most Read

Most Recent