၂၀၁၈ ခုနှစ်အတွင်း ရန်ကုန်တိုင်းအား တရားဥပဒေစိုးမိုးမှု အပြည့်အ၀ ရရှိရေးနှင့် အောင်မြင်သည့် စီးပွားရေး ထူထောင်နိုင်သော မြို့တစ်မြို့ ဖြစ်လာစေရန် ရည်မှန်းချက်နှစ်ရပ်ထား ဆောင်ရွက်နေကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ပြောကြား

၂၀၁၈ ခုနှစ်အတွင်း ရန်ကုန်တိုင်းအား တရားဥပဒေစိုးမိုးမှု အပြည့်အ၀ ရရှိရေးနှင့် အောင်မြင်သည့် စီးပွားရေး ထူထောင်နိုင်သော မြို့တစ်မြို့ ဖြစ်လာစေရန် ရည်မှန်းချက်နှစ်ရပ်ထား ဆောင်ရွက်နေကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ပြောကြား
Published 22 April 2018

၂၀၁၈ ခုနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီးကို တရားဥပဒေစိုးမိုးမှု အပြည့်အဝရရှိရေးနှင့် အောင်မြင်သည့် စီးပွားရေး ထူထောင်နိုင်သော မြို့တစ်မြို့ ဖြစ်လာစေရန် စသည့် ရည်မှန်းချက် နှစ်ရပ်ထား ဆောင်ရွက်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

“ကျွန်တော်တို့ ဒီ၂၀၁၈ ခုနှစ်အတွင်းမှာ ကျွန်တော်တို့ရဲ့ မျှော်မှန်းထားချက်က နှစ်ချက်ပဲ ထားပါတယ်။ တစ်အချက်က ဘာလဲဆိုရင် တရားဥပဒေစိုးမိုးရေးတွေ အပြည့်အဝရရှိပြီး ကျွန်တော်တို့ မြို့ပြကို သန့်ရှင်းတဲ့ မြို့တစ်မြို့ ဖြစ်ချင်တယ်။ ဥပဒေစိုးမိုးမှုရှိပြီး သန့်ရှင်းတဲ့မြို့ ဖြစ်ချင်တယ်။ နောက်တစ်ခုကတော့ ကျွန်တော်တို့မြို့ကို စီးပွားကောင်းတဲ့ အောင်မြင်တဲ့ စီးပွားရေး ထူထောင်နိုင်တဲ့ မြို့တစ်မြို့ ဖြစ်ချင်ပါတယ်။ ဒီနှစ်ခုကို ဦးတည်ပြီး အကောင်အထည် ဖော်ဆောင်သွားမှာ ဖြစ်ပါတယ်”ဟု ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

စီးပွားရေးအရ အောင်မြင်သည့် မြို့တစ်မြို့ ဖြစ်လာစေရန်အတွက် လက်ရှိအချိန်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအား ဖိတ်ခေါ်ပြီး ရန်ကုန်တိုင်းအတွင်း ရင်းနှီးမြှုပ်နှံသူများ လာရောက် လုပ်ကိုင်နိုင်ရန် အခွင့်အလမ်းပေါင်း များစွာကို ဖန်တီးပေးသွားမည် ဖြစ်သည်။

ထို့ကြောင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေ လုပ်ထုံးလုပ်နည်းများ၊ အခွန်ကောက်ခံမှု အခြေအနေများကို နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံသူများကို ရှင်းပြနိုင်ရန်အတွက် မေ ၉ ရက်တွင် Yangon Investment Forum ကို ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

“ဒီအကောင်အထည်ဖော်မှု တစ်ခုကတော့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေကို ဖိတ်ခေါ်ပြီး ကျွန်တော်တို့ဆီမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လာရောက် ရင်းနှီးမြှုပ်နှံနိုင်တဲ့ အခွင့်အလမ်းကောင်း များစွာရှိတယ်ဆိုတာ ထုတ်ဖော်ပြသနိုင်ဖို့အတွက် အခု ၂၀၁၈ ခုနှစ်အတွင်းမှာ Yangon Investment Forum ကို ကျင်းပ ဆောင်ရွက်ခြင်း ဖြစ်ပါတယ်” ဟု ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

၂၀၁၇ ခုနှစ် သြဂုတ်မှ ၂၀၁၈ ခုနှစ် ဧပြီ ၁၁ ရက်အထိ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီအနေဖြင့် စက်မှုကဏ္ဍနှင့် အခြားဝန်ဆောင်မှု ကဏ္ဍတို့တွင် မ တည်ငွေရင်းပမာဏ ဒေါ်လာ ၅၉ သန်းကျော်နှင့် ကျပ် ၂၃ ဘီလျံကျော်အထိ ရင်းနှီးမြှုပ်နှံခွင့် ပြုလိုက်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီမှ သတင်းထုတ်ပြန်ထားသည်။

ထို့ပြင် ရန်ကုန်တိုင်းဒေကြီးအတွင်းရှိ သီလဝါ အထူးစီးပွားရေးဇုန်အတွင်းသို့ ဂျပန်နိုင်ငံမှ ကုမ္ပဏီပေါင်း ၄၅ ခုကျော်အထိ အများဆုံး ဝင်ရောက်ထားပြီး ယင်းကုမ္ပဏီများမှ ကုန်ထုတ်လုပ်မှု လုပ်ငန်းကို အဓိက လုပ်ကိုင်နေကြောင်း သီလဝါ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီမှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း တရားဥပဒေ စိုးမိုးရေး ဆောင်ရွက်ချက်များအရ ယခုနှစ် သြင်္ကန်အတွင်း မှုခင်းဖြစ်ပွားမှုသည် ပြီးခဲ့သည့် သြင်္ကန်နှင့်နှိုင်းယှဉ်ပါက အလွန်နည်းပါးခဲ့ကြောင်း၊ ယခုနှစ်အတွင်း ဖြစ်ပွားသည့် မှုခင်းများသည် တိုင်းဒေကြီးအနေဖြင့် မဖြစ်စလောက် နည်းပါးသည့် မှုခင်းသာ ဖြစ်ပွားခဲ့ကြောင်း ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

တိုင်းဒေသကြီးအတွင်း မှုခင်းနှင့် အခြားအမှု ၆၅ မှုဖြစ်ပွားခဲ့ပြီး လေးဦး သေဆုံးကာ ၁၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့၏ ဧပြီ ၁၇ ရက် ဖော်ပြချက်အရ သိရသည်။

ယခုနှစ်တွင် သြင်္ကန်နှင့် ပတ်သက်သော မှုခင်းဖြစ်ပွားမှုမှာ ကိုးမှု ဖြစ်ပွားရာ ယခင် နှစ်ထက် သုံးမှု လျော့နည်းခဲ့ကြောင်း ယခင် နှစ်က ၁၂ မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထို့ပြင် သြင်္ကန်ကာလတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဆေးရုံအသီးသီး၌ ထိခိုက်ဒဏ်ရာ ရရှိသဖြင့် လာရောက် ဆေးကုသသူ ၃၀၁ ဦးရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ဒဏ်ရာ ရရှိသူများအနက် ၁၃၇ ဦးနှင့် စပ်လျဉ်း၍ ယာဉ်နာကျင်မှုနှင့် ခိုက်ရန် ဖြစ်ပွား နာကျင်စေမှု ၇၉ မှုဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်ထားကြောင်း အချက်အလက်များအရ သိရသည်။

ကြိုတင်ကာကွယ် အရေးယူမှုအနေဖြင့် မူးယစ်ရမ်းကားမှု ငါးမှု၊ ရဲအက် ၃၀ (က) တစ်မှု၊ လက်နက်များ အက်ဥပဒေပုဒ်မအရ အရေးယူမှုတစ်မှု၊ ယစ်မျိုးဥပဒေအရ အရေးယူမှု ၁၂ မှု၊ ခါးပိုက်နှိုက်ပြစ်မှု ကျူးလွန်သူများအား ကျင့်ထုံးဥပဒေပုဒ်မ ၅၄ဖြင့် အရေးယူမှု ၃၇ မှုတို့ဖြင့် ဖမ်းဆီး အရေးယူခဲ့ကြောင်း သိရသည်။

Most Read

Most Recent