ရန်ငြိုးရန်စရှိသူ အမျိုးသားနှစ်ဦး ဓားချင်း ယှဉ်ထိုးရာမှ တစ်ဦးသေဆုံးမှု လှိုင်သာယာမြို့နယ်တွင် ဖြစ်ပွား

ရန်ငြိုးရန်စရှိသူ အမျိုးသားနှစ်ဦး ဓားချင်း ယှဉ်ထိုးရာမှ တစ်ဦးသေဆုံးမှု လှိုင်သာယာမြို့နယ်တွင် ဖြစ်ပွား
Published 22 April 2018

လှိုင်သာယာမြို့နယ်တွင် ရန်ငြိုးရန်စရှိသူ အမျိုးသားနှစ်ဦး ဓားချင်းယှဉ်ထိုးရာမှ တစ်ဦးသေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း ဧပြီ ၂၁ ရက်တွင် မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ စုံစမ်း သိရှိရသည်။

ဧပြီ ၂၀ ရက် နံနက် ၁၀ နာရီခန့်တွင် လှိုင်သာယာမြို့နယ်၊ ၁၄ ရပ်ကွက်၊ အောင်သုခပတ်လမ်းနေ ကို… (၂၀ နှစ်)သည် နေအိမ်တွင် ရှိနေစဉ် အိမ်ရှေ့သို့ ၎င်းနှင့် ယခင်က ရန်ငြိုးရန်စ ရှိခဲ့ဖူးသူ ဦး….(၄၆ နှစ်)မှာ ဓားကိုင်ကာ ရောက်ရှိလာခဲ့ကြောင်း တရားလို၏ အမှုဖွင့် တိုင်တန်းချက်အရ သိရသည်။

ဓားကိုင်ကာ ရောက်ရှိလာသော ဦး…(၄၆ နှစ်)မှာ ကို…(၂၀ နှစ်)အား စိန်ခေါ် စကားပြောဆိုခဲ့ကြောင်း၊ ထိုသို့ စိန်ခေါ်သဖြင့် ကို….(၂၀ နှစ်)မှာ နေအိမ်ထဲရှိ ဓားအားယူကာ နေအိမ်ရှေ့ လမ်းပေါ်သို့ ထွက်လာခဲ့ကြောင်း၊ ထို့နောက် ၎င်းတို့နှစ်ဦးမှာ လမ်းမပေါ်တွင် လုံးထွေး သတ်ပုတ်နေစဉ် ကို…(၂၀ နှစ်)အား ဦး…(၄၆ နှစ်)က ဓားဖြင့် ထိုးခဲ့ကြောင်း၊ ဓားဖြင့် ထိုးခံရသဖြင့် ကို….(၂၀ နှစ်)မှာ ယာရင်အုံ ထိုးသွင်းဒဏ်ရာဖြင့် လမ်းမပေါ်တွင် လဲကျသွားခဲ့ကြောင်း သိရသည်။

ဓားဖြင့် ထိုးခံရသဖြင့် ကို…(၂၀ နှစ်)မှာ လမ်းမပေါ်တွင် လဲကျသွားခဲ့ပြီး အနီးပတ်ဝန်းကျင် နေသူများက ဆေးရုံသို့ လိုက်လံပို့ဆောင်ခဲ့သော်လည်း ၎င်းမှာ ရရှိထားသည့် ဒဏ်ရာဖြင့် ဆေးရုံတွင် သေဆုံးသွားခဲ့သည်။

“ရန်ငြိုးရန်စ ရှိတဲ့သူနှစ်ဦး လမ်းမပေါ်မှာ ဓားချင်းယှဉ်ခုတ်ပြီး လုံးထွေးသတ်ပုတ်တာ။ နှစ်ယောက်လုံးက ဓားတွေနဲ့ဆိုတော့ ပတ်ဝန်းကျင်က ဝင်မဆွဲရဲကြဘူး။ ဓားနဲ့ထိုးတဲ့သူကိုတော့ ဖမ်းဆီးထားပြီး အမှုဖွင့်ထားပါတယ်”ဟုမြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှ ရဲအရာရှိ
တစ်ဦးက ပြောကြားသည်။

အဆိုပါဖြစ်စဉ်မှ ဦး…(၄၆ နှစ်)အား လှိုင်သာယာမြို့မရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ-၃၀၂ ဖြင့် အမှုဖွင့်ထားပြီး စစ်ဆေးနေကြောင်း သိရသည်။

Most Read

Most Recent