ပင်လည်ဘူး-ဖောင်းပြင်သွား ကားလမ်းမပေါ်တွင် ထော်လာဂျီယာဉ်နှစ်စီး တိုက်မိပြီး လူ လေးဦး သေဆုံး

ပင်လည်ဘူး-ဖောင်းပြင်သွား ကားလမ်းမပေါ်တွင် ထော်လာဂျီယာဉ်နှစ်စီး တိုက်မိပြီး လူ လေးဦး သေဆုံး
Published 22 April 2018

ထော်လာဂျီယာဉ်တိမ်းမှောက်မှုသည့်နေရာတွင် ကယ်ဆယ်ရေးများ ဆောင်ရွက်နေစဉ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်အတွင်းရှိ ပင်လည်ဘူး-ဖောင်းပြင်သွား ကားလမ်း မိုင်တိုင်အမှတ် ၅၆/၇ တွင် ဖောင်းပြင်ဘက်မှ ပင်လည်ဘူးဘက်သို့ သားအဖနှစ်ဦး မောင်းနှင်လာသည့် ထော်လာဂျီယာဉ်နှစ်စီး တိုက်မိခဲ့ကြပြီး လူ သုံးဦး နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့ကာ တစ်ဦးမှာ ဆေးရုံသို့ တင်ပို့ကုသစဉ် သေဆုံးသွားခဲ့ပြီး ပြင်းထန်ဒဏ်ရာ ရရှိခဲ့သည့် ခုနစ်ဦးကို ပင်လည်ဘူးဆေးရုံသို့ တင်ပို့ကုသထားကြောင်း ပင်လည်ဘူး မြို့မရဲစခန်းမှ စုံစမ်းသိရသည်။

ဖြစ်စဉ်မှာ ဧပြီ ၂၁ ရက် မွန်းလွဲ ၃ နာရီအချိန်က ပင်လည်ဘူး-ဖောင်းပြင်လမ်း မိုင်တိုင်အမှတ် ၅၆/၇ တွင် ပင်လည်ဘူးမြို့ရှိ တရားစခန်းသို့ သွားရောက်မည့်သူများကို သားအဖနှစ်ဦးက လမ်းကြုံ အခမဲ့တင်ဆောင်ကာ မောင်းနှင်လာသည့် 92KM ထော်လာဂျီယာဉ် နှစ်စီးအနက် ဖခင်ဖြစ်သူ ဦးဟန်ထွန်း မောင်းနှင်လာသည့် ထော်လာဂျီယာဉ်မှာ ဂီယာချို့ယွင်းသွားကာ ထိုးဆင်းလာပြီး ရှေ့မှ သားဖြစ်သူ မောင်းနှင်နေသည့်ယာဉ်ကို ဝင်ရောက်တိုက်မိခဲ့ကြောင်း၊ ထိုသို့ ဝင်ရောက် တိုက်မိခဲ့ပြီးနောက် ယာဉ်မှာ အရှိန်မထိန်းနိုင်တော့ဘဲ လမ်းတစ်ဖက်ရှိ ချောက်အတွင်းသို့ ထိုးကျ တိမ်းမှောက်သွားခဲ့ကြောင်း၊ ချောက်အတွင်း ကျခဲ့သည့်ယာဉ်ပေါ်တွင် လိုက်ပါလာသူ သုံးဦးမှာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပြီး ကျန်တစ်ဦးက ဆေးရုံသို့ တင်ပို့ကုသနေစဉ် သေဆုံးသွားခဲ့ကြောင်း၊ ယာဉ်တိမ်းမှောက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သူ ခုနစ်ဦးကို ပင်လည်ဘူးဆေးရုံသို့ တင်ပို့ခဲ့ကြောင်း၊ ယာဉ်ပေါ်ပါ အခြားသူများမှာ မစိုးရိမ်ရ ဒဏ်ရာများ ရရှိခဲ့ကြောင်း အဆိုပါမြို့မရဲစခန်းမှ စုံစမ်းသိရသည်။

“ဖြစ်တာက နေ့လည် ၃ နာရီလောက်မှာ ပင်လည်ဘူးမြို့မှာရှိတဲ့ တရားစခန်းကိုလာတဲ့ ခရီးသည်တွေကို တင်ဆောင်လာတဲ့ ထော်လာဂျီယာဉ်နှစ်စီး တိုက်မိပြီးတော့ တိမ်းမှောက်သွားတာ။ မောင်းတာက သားအဖ နှစ်ယောက် မောင်းလာတာ။ လမ်းကြုံလို့ ဆိုပြီးတော့ အခမဲ့ ခေါ်တင်လာတာ။ ဖြစ်ချင်တော့ ရှေ့က သားဖြစ်သူရဲ့ယာဉ်ကို နောက်က ဖခင်ဖြစ်သူ မောင်းလာတဲ့ယာဉ်က ဂီယာချို့ယွင်းပြီးတော့ နောက်ကနေ ဝင်တိုက်မိတာ။ ဝင်တိုက်ခဲ့တဲ့ ဖခင်မောင်းတဲ့ယာဉ်က အရှိန်မထိန်းနိုင်တော့ဘဲ လမ်းတစ်ဖက်မှာရှိတဲ့ ချောက်ထဲကျသွားတယ်။ ဖြစ်စဉ်နေရာမှာပဲ သုံးဦးသေသွားတယ်။ ဆေးရုံမှာ တစ်ဦး ထပ်ဆုံးသွားတယ်။ ပြင်းထန်ဒဏ်ရာ ရသွားသူက ခုနစ်ဦး ရှိပါတယ်”ဟု ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားရာနေရာသို့ သွားရောက် ကူညီပေးခဲ့သူ ကိုခင်ဇော်ဝင်းက ပြောကြားသည်။

အဆိုပါ ယာဉ်တိုက်မှုဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်မောင်း ဦးဟန်ထွန်းကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၄ (က)၊ ၃၃၇၊ ၃၃၈ တို့ဖြင့် ပင်လည်ဘူးမြို့မရဲစခန်းက အမှုဖွင့်ဖမ်းဆီး စစ်ဆေးလျက်ရှိကြောင်း သိရသည်။

 

Most Read

Most Recent