မန္တလေးမြို့တွင် ဘဏ်မှ ကျပ်သိန်း ၅၀ ထုတ်လာသည့် အမျိုးသမီးတစ်ဦး လမ်းလျှောက်ပြန်လာစဉ် ဆိုင်ကယ် မောင်းနှင်လာသော အမျိုးသားနှစ်ဦးက လုယက်မှုဖြစ်ပွား

မန္တလေးမြို့တွင် ဘဏ်မှ ကျပ်သိန်း ၅၀ ထုတ်လာသည့် အမျိုးသမီးတစ်ဦး လမ်းလျှောက်ပြန်လာစဉ် ဆိုင်ကယ် မောင်းနှင်လာသော အမျိုးသားနှစ်ဦးက လုယက်မှုဖြစ်ပွား
Published 18 August 2017

မန္တလေးမြို့တွင် ဘဏ်မှ ကျပ်သိန်း ၅၀ ထုတ်လာသည့် အမျိုးသမီးတစ်ဦး လမ်းလျှောက်ပြန်လာစဉ် ဆိုင်ကယ် မောင်းနှင်လာသည့် အမျိုးသားနှစ်ဦးမှ ပိုက်ဆံ လုယက်ကာ ထွက်ပြေးမောင်းနှင်မှု ဖြစ်ပွားခဲ့ကြောင်း မန္တ လေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သြဂုတ် ၁၇ ရက်က သတင်းရရှိသည်။

ဖြစ်စဉ်မှာ သြဂုတ် ၁၆ ရက် မွန်းလွဲ ၂ နာရီဝန်းကျင်က ချမ်းမြသာစည်မြို့နယ်၊ ကန်သာယာရပ်ကွက်တွင် နေထိုင်သည့် အသက် ၆၀ နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ စက်ချုပ်လုပ်သူသည် ညီမဖြစ်သူနှင့်အတူ အဆိုပါရပ်ကွက် ၅၇ လမ်းနှင့် မနော်ဟရီလမ်းထောင့်တွင် ရှိသည့် ကမ္ဘောဇဘဏ်မှ ငွေထုတ်ယူကာ နေအိမ်သို့ လမ်းလျှောက် ပြန်လာစဉ် ၅၇ လမ်း၊ မနော်ဟရီလမ်းနှင့် ယင်းမာလမ်းကြား အရောက်တွင် နောက်မှ ကပ်ပါလာသည့် FZ ဆိုင်ကယ်(နံပါတ်မမှတ်မိ) မောင်းနှင်လာကြသော လူငယ်နှစ်ဦးအနက် နောက်ထိုင် လိုက်ပါလာသည့် လူငယ်က အမျိုးသမီးလက်ထဲတွင် ကိုင်ထားသော ကျပ် ၅၀၀၀ တန် ၁၀ အုပ် ကျပ်သိန်း ၅၀၊ ငွေကျပ် ၇၀၀၀၀၊ ၎င်းအမည်ပါ မှတ်ပုံတင်တစ်ခု၊ ဘဏ်ငွေစုစာအုပ် တစ်အုပ်တို့ပါသည့် ပလတ်စတစ်အိတ်ကို ကြိုတင်ကြံရွယ်ကာ ခိုးယူမောင်းနှင် ထွက်ပြေးသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“အမျိုးသမီးနှစ်ယောက်က ဘဏ်နဲ့ နီးတယ်ဆိုပြီး ဘဏ်ကနေ ငွေထုတ်ငွေတွေကို လက်ကနေဆွဲပြီး လမ်းလျှောက်လာတာပါ။ လုယူသွားတာက ဆိုင်ကယ်နဲ့ အမျိုးသား နှစ်ယောက်ပါ။ ပိုက်ဆံ ပါသွားတာက သိန်း ၅၀ နဲ့ ခုနစ်သောင်းပါ။ ဒဏ်ရာရရှိတာတွေ မရှိပါဘူး။ တရားခံတွေကို စုံစမ်းနေဆဲပါ”ဟု နယ်မြေရဲစခန်း(အောင်ပင်လယ်) မှ စခန်းမှူးက သြဂုတ် ၁၇ ရက် ညနေ ၃ နာရီခန့်တွင် ပြောကြားသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး ပိုက်ဆံ လုယက်ခံရသူ အမျိုးသမီးက အမည်မသိ လူငယ်နှစ်ဦးအား နယ်မြေရဲစခန်း (အောင်ပင်လယ်) တွင် တိုင်တန်းသောကြောင့် (ပ) ၂၉၉/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၈၂ အရ အမှုဖွင့်ထားကြောင်း သိရသည်။

တရားခံဖော်ထုတ် ဖမ်းဆီးရမိရေးအတွက် ဘဏ်မှ CCTV မှတ်တမ်းများမှ တရားခံများ၏ ပုံသဏ္ဌာန်များ ရယူကာ ဖမ်းဆီးရေးအတွက် မတရ(မှု/ကူ)၊ မန္တလေးခရိုင်(မှု/နှိမ်)မှ တပ်ဖွဲ့ဝင်များ ပူးပေါင်းကာ စုံစမ်းဆောင်ရွက်နေကြောင်း သတင်းရရှိသည်။

 

Most Read

Most Recent