ပင်လည်ဘူးမြို့နယ်တွင် ကျပ်သိန်းရှစ်ရာကျော် တန်ဖိုးရှိ ဘိန်းမည်းများ ဖမ်းဆီးရမိ

ပင်လည်ဘူးမြို့နယ်တွင် ကျပ်သိန်းရှစ်ရာကျော် တန်ဖိုးရှိ ဘိန်းမည်းများ ဖမ်းဆီးရမိ
Published 22 April 2018

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ပင်လည်ဘူးမြို့နယ် ပေပင်စုကျေးရွာအနီးတွင် ဧပြီ ၂၀ ရက် ညနေ ၃ နာရီခန့်က ကျပ်သိန်းရှစ်ရာကျော် တန်ဖိုးရှိ ဘိန်းမည်းများ ဖမ်းဆီးရမိခဲ့ကြောင်း ပင်လည်ဘူး မြို့မရဲစခန်း၏ မှတ်တမ်းများအရ သိရသည်။

သက်ဆိုင်ရာရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါး သတင်းအရ ပင်လည်ဘူး-ကောလင်း ကားလမ်းမပေါ်တွင် စောင့်ဆိုင်းနေစဉ် ကောလင်းဘက်မှ ပင်လည်ဘူးမြို့နယ်ဘက်သို့ မောင်းနှင်လာသည့် ဆိုင်ကယ်နှစ်စီးအား ရပ်တန့်စစ်ဆေးရာ ဆိုင်ကယ်တစ်စီးသည် ထွက်ပြေးသွားခဲ့ပြီး ကျန်တစ်စီးအား ဆက်လက်စစ်ဆေးရာတွင် ဆိုင်ကယ်၏ရှေ့ခွကြား၌ သယ်ဆောင်လာသည့် အဖြူရောင်ပီနံအိတ်အား စစ်ဆေးခဲ့ကြောင်း သိရသည်။

၎င်းအိတ်အား စစ်ဆေးကြည့်ရာတွင် အဝါရောင်တိပ်များဖြင့် ပတ်ထားသည့် ပလတ်စတစ်အိတ် အကြည်အတွင်း မူးယစ်ဆေးဝါး ဘိန်းမည်းဟု ယူဆရသော အမည်းရောင် အစေးအလေးချိန် ၉၀ ကျပ်သားခန့်၊ ၁၄၇၀ ဂရမ်ခန့်စီပါ အထုပ် ၂၀၊ စုစုပေါင်း အလေးချိန် ၁၈ ပိဿာခန့်၊ ၂၉၄၀၀ ဂရမ်ခန့် ကာလတန်ဖိုး ကျပ် ၈၈၂၀၀၀၀၀ တို့အား ဖမ်းဆီးရမိခဲ့ကြောင်း အဆိုပါရဲမှတ်တမ်းများအရ သိရသည်။

ဖမ်းဆီးရမိခဲ့သည့် အောင်ဇော်သည် ဗန်းမောက်မြို့နယ် နန်းစာကျေးရွာတွင် နေထိုင်သူတစ်ဦးဖြစ်ကြောင်း ဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေးဝါးဘိန်းမည်းများသည် ရှမ်းပြည်နယ်မှ အမည်မသိလူတစ်ဦးက ရွှေဘိုမြို့နယ်သို့ လာရောက်ပို့ဆောင်ခဲ့ကြောင်း၊ ယင်းနောက် ၎င်းသည် ထပ်မံသယ်ယူခဲ့ကြောင်း၊ ပင်လည်ဘူးမြို့မရဲစခန်းမှ အောင်ဇော်အား မယ (ပ) ၅၂/၂၀၀၈/မူး/စိတ် ပုဒ်မ ၁၉(က)/၂၁ အရ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

Most Recent