မြန်မာနိုင်ငံသို့လာရောက်ခဲ့သည့် ထိုင်းနိုင်ငံ မြို့နယ်အုပ်ချုပ်ရေးမှူးတစ်ဦး၏သား H1N1 ဖြင့် သေဆုံးကြောင်း သိရ

မြန်မာနိုင်ငံသို့လာရောက်ခဲ့သည့် ထိုင်းနိုင်ငံ မြို့နယ်အုပ်ချုပ်ရေးမှူးတစ်ဦး၏သား H1N1 ဖြင့် သေဆုံးကြောင်း သိရ
Published 18 August 2017

ပြင်းထန် အဆုတ်ရောင်ရောဂါကြောင့် မဟုတ်ဘဲ H1N1 ဗိုင်းရပ်စ်ကြောင့် နှလုံးရောင်ကာ သေဆုံးခဲ့သူ ထိုင်းနိုင်ငံ တာ့ခရိုင် မယ်မာ့မောအုပ်ချုပ်ရေးမှူး၏ သားဖြစ်သူ နွတ်ဖွမ်ခန်ရယ် (Noppporn Khamjay) (၃၈ နှစ်) မကွယ်လွန်မီ တစ်ရက်က မြန်မာနိုင်ငံသို့ သွားရောက်ခဲ့သည်ဟု မဲဆောက်ဆေးရုံအုပ်ကြီးက ပြောကြားခဲ့ကြောင်း မြဝတီခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာသီတာစိုးက ပြောကြားသည်။

မဲဆောက်ဆေးရုံအုပ်ကြီးက ပြောပြခဲ့သည်ကို မြဝတီခရိုင် ဆေးရုံအုပ်ကြီးက “တာ့ခရိုင် မယ်မာ့မောမြို့နယ်မှာ နေထိုင်တဲ့ နွတ်ဖွမ်ခန်ရယ်ဟာ မသေခင် တစ်ရက်က မြဝတီဘက်ကို သွားခဲ့တယ်။ ပြန်လာတော့ အပြင်းဖျားတယ်။ နောက်နေ့ ချက်ချင်းသေသွားတယ်။ တစ်ရက်ဖျားပြီး သေသွားတယ်။ ဆေးရုံမရောက်ခင် သေဆုံးခဲ့တာလို့ ဆိုပါတယ်။ H1N1 သံသယရှိတော့ ဘန်ကောက်ကို ပို့ပြီး စစ်တယ်။ H1N1 သံသယလို့ပဲ ပြောပါတယ်။ တိကျတဲ့အဖြေ မရသေးပါဘူး။ ဗိုင်းရပ်စ်ပိုးကြောင့် နှလုံးရောင်ပြီး သေသွားတာ ဖြစ်ပါတယ်လို့ ဆိုပါတယ်” ဟု ပြောကြားသည်။

သို့သော်လည်း မယ်မာ့မောအုပ်ချုပ်ရေးမှူး၏ သားဖြစ်သူ နွတ်ဖွမ်ခန်ရယ်သည် မကွယ်လွန်မီ နှစ်ပတ်ခန့်ကလည်း မြဝတီမြို့သို့ သွားလာခဲ့ပြီး သြဂုတ် ၁၂ ရက်တွင် စတင်ဖျားကာ ၁၅ ရက်တွင် အပြင်းဖျားပြီး သတိမေ့မြောခဲ့ကြောင်း၊ အပြင်းစား ပိုးသတ်ဆေးများကို သောက်ခဲ့ကြောင်း၊ မဲဆောက်ဆေးရုံသို့ ပို့ဆောင်စဉ် လမ်းတွင် သေဆုံးခဲ့သော်လည်း ဆေးရုံသို့ ရောက်အောင် ပို့ဆောင်ခဲ့ကြောင်း၊ မဲဆောက်ဆေးရုံအုပ်ကြီး၏ ပြောပြချက်အရ H1N1 သံသယဖြစ်ကြောင်း၊ တိကျသည့် အဖြေမပေးသေးကြောင်း မဲဆောက်မြို့တွင် နေထိုင်သူ ဖိဂျိုးက ပြောကြားသည်။

မဲဆောက်မြို့တွင် နေထိုင်သူ ဖိဂျိုးက “သူနေတာ မဲဆောက်ဆေးရုံကြီးနဲ့ ၁၀ ကီလိုမီတာလောက် ဝေးတယ်။ ဆေးရုံချက်ချင်း မသွားနိုင်ဘူး။ ပြင်ပဆေးဆိုင်မှာ ပိုးသတ်ဆေး ပြင်းပြင်းတွေ ဝယ်သောက်ခဲ့တယ်။ သတိမရတော့မှ ဆေးရုံသွားဖို့ လုပ်တာ။ သေဆုံးပြီးမှ ဆေးရုံရောက်သွားတာ ဖြစ်ပါတယ်။ ခု သူနေထိုင်တဲ့ ပတ်ဝန်းကျင်ရှိ လူတွေကို RDT ကိရိယာနဲ့ စစ်ဆေးမှုတွေ လုပ်တော့ မိသားစုဝင် အပါအဝင် ၁၅ ဦးခန့် A,B,C သုံးမျိုးထဲက A အမျိုးအစားတွေ့ရှိပြီး Positive ဖြစ်တဲ့အတွက် ဆေးဝါးကုသမှု၊ စောင့်ရှောက် ပြုလုပ်ထားပါတယ်”ဟု ပြောကြားသည်။

ထိုင်းနိုင်ငံသား တစ်ဦး သေဆုံးပြီးနောက် မြန်မာနိုင်ငံဘက်က ဝင်ရောက်လာသူများကို မြဝတီ မဲဆောက်တံတားနှင့် နယ်စပ်ဖြတ်ကျော် လှေဂိတ်များတွင် ရာသီတုပ်ကွေး ပြင်းထန် အဆုတ်ရောင် A(H1N1) စစ်ဆေးမှု များ ပိုမိုလုပ်ဆောင်လျက်ရှိပြီး မဲဆောက်မြို့ပိုင် ကိုယ်တိုင်နယ်စပ်ဂိတ်တွင် H1N1 ရောဂါပိုး စစ်ဆေးပေးနေသည့် ကျန်းမာရေးဝန်ထမ်းများကို သွားရောက်အားပေးခဲ့သည်။

ထိုင်းနိုင်ငံ မဲဆောက်မြို့ အပါအဝင် တာ့ခရိုင် ကိုးမြို့နယ်အတွင်း မြန်မာနိုင်ငံသား ရွှေ့ပြောင်းလုပ်သား သိန်းနှင့်ချီ၍ နေထိုင် အလုပ်လုပ်ကိုင်လျက်ရှိရာ ရောဂါကာကွယ်ဆေးထိုးပေးရန် မဲဆောက်ဆေးရုံကြီးတွင် ကာကွယ်ဆေး မလုံလောက်သည့်အတွက် ပြည်နယ်ကျန်းမာရေးဌာနသို့ အကူအညီ တောင်းခံနေရကြောင်းလည်း သိရသည်။

အဆိုပါ သေဆုံးသူ ထိုင်းနိုင်ငံသားမှာ မြန်မာနိုင်ငံဘက်သို့ လည်ပတ်သွားလာပြီးနောက် သေဆုံးသည်ဟု ဆိုသော်လည်း ၎င်းနေထိုင်သည့် ပတ်ဝန်းကျင်မှ မိသားစုဝင်များ အပါအဝင် ၁၅ ဦးတွင် ရာသီတုပ်ကွေးဗိုင်း ရပ်စ် A,B,C သုံးမျိုးအနက် A အမျိုးအစား Positive ဟု ဆိုသည့်အတွက် ဆေးဝါးကုသမှု၊ စောင့်ရှောက်မှု ပေးထားကြောင်း သိရသည်။

 

Most Read

Most Recent