<

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ကျူးကျော်တစ်သိန်းခွဲအတွက် တန်ဖိုးနည်းတိုက်ခန်းများ ဆောက်လုပ်ပေးရန် ငွေကြေးပမာဏ ကြီးမားသောကြောင့် ပြည်တွင်းလုပ်ငန်းရှင်များ ရင်းနှီးမြှုပ်နှံမှု မပြုလုပ်နိုင်ကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ပြောကြား

ရန်ကုန်တိုင်းဒေသကြီး တွံတေးတံတားအနီးရှိ ကျူးကျော်နေအိမ်များကို တွေ့ရစဉ် (ဓာတ်ပုံ-မျိုးထက်ပိုင်)

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ကျူးကျော်တစ်သိန်းခွဲအတွက် တန်ဖိုးနည်းတိုက်ခန်းများ ဆောက်လုပ်ပေးရန် ငွေကြေးပမာဏ ကြီးမားသောကြောင့် ပြည်တွင်းလုပ်ငန်းရှင်များအနေဖြင့် ရင်းနှီးမြှုပ်နှံမှု မပြုလုပ်နိုင်ကြောင်း ဧပြီ ၂၀ ရက်က UMFCCI ၌ ကျင်းပသည့် Yangon Investment Forum 2018 ဆိုင်ရာသတင်းစာရှင်းလင်းပွဲတွင် ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

“နေစရာအိမ်မရှိတဲ့ ကျူးကျော်တွေကို စာရင်းကောက်ယူထားမှုအရ ကျွန်တော်တို့မှာ တစ်သိန်းခွဲလောက် နေစရာမရှိတဲ့သူတွေ ရှိပါတယ်။ ဒီနေစရာမရှိသူရဲ့ ဒါဟာ စိန်ခေါ်မှုတစ်ရပ်ပဲဖြစ်ပါတယ်။ ဒီအခြေအနေကို အိမ်ကို ရင်းနှီးမြှုပ်နှံမှုများများနဲ့ မြှုပ်နှံပြီး ဆောင်ရွက်မယ်ဆိုရင် အနှစ် ၃၀ လောက် ငွေရင်းနှီးထားမယ်ဆိုရင် ကျွန်တော်တို့ဆီမှာရှိတဲ့ ဈေးကွက်က တိုက်ခန်းပေါင်း တစ်သိန်းခွဲလောက် ၀ယ်လိုအားရှိနေတယ်လို့ ပြောလို့ရတဲ့အခြေအနေပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီလောက်တိုက်ခန်း တစ်သိန်းခွဲလောက် တန်ဖိုးနည်းတိုက်ခန်း တစ်သိန်းခွဲလောက်ကို ရင်းနှီးမြှုပ်နှံမယ်ဆိုရင် ငွေကြေးပမာဏ ပြည်တွင်းလုပ်ငန်းရှင်တွေအနေနဲ့က မြှုပ်နှံဖို့မရှိပါဘူး။ နိုင်ငံတကာက ရင်းနှီးမြှုပ်နှံသူတွေတောင် တော်တော်စဉ်းစားရမယ့် Business မျိုးဖြစ်ပါတယ်” ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

သို့သော် အဆိုပါ တန်ဖိုးနည်းအိမ်ရာ တစ်သိန်းခွဲအတွက် နှစ် ၃၀ ရင်းနှီးမြှုပ်နှံမှုဖြင့် တည်ဆောက်ပြီး ကျူးကျော်နေထိုင်သူများအား အရစ်ကျစနစ်ဖြင့် ရောင်းချမည်ဆိုပါက ဈေးကွက်အလားလာကောင်းများ ရှိနေကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက သုံးသပ်ပြောကြားသည်။

“ဒါပေမဲ့ အနှစ် ၃၀ မြှုပ်နှံထားရင် အနှစ် ၃၀ မှာ ဒီအခန်းကို အရစ်ကျစနစ်နဲ့ ရောင်းပေးသွားမယ်ဆိုရင် အနှစ် ၂၀၊ ၂၅၊ ၃၀ လောက်မှာ အရင်းကျေသွားနိုင်မယ်။ ဒီရင်းနှီးမြှုပ်နှံမှုကို မြှုပ်နှံမယ်ဆိုရင် ဈေးကွက်ကတော့ အဆင်သင့်ရှိနေတာဖြစ်ပါတယ်။ ဒီနေစရာမရှိတဲ့သူတွေကို အိမ်ပေါ်မှာ တင်ထားလိုက်မယ်ဆိုလို့ရှိရင် မြို့ပြကြီးက နေချင့်စဖွယ်မြို့ပြ ဖြစ်လာမှာဖြစ်ပါတယ်” ဟု ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

စစ်တမ်းကောက်ယူမှုများအရ အဆိုပါ ကျူးကျော်နေထိုင်နေသူများသည် အလုပ်အကိုင်အခွင့်အလမ်းများ ရှိနေသော်လည်း အိမ်၊ မြေ ၀ယ်နိုင်လောက်သည့် အခြေအနေမျိုးမရှိသည့်အတွက် အလုပ်အကိုင်ကို အာမခံချက်ပေးပြီး အိမ်ရာထူထောင်ရေးအပြင် ရေ၊ မီး၊ ရေဆိုး၊ အမှိုက်ကိစ္စရပ်များကို ၀န်ဆောင်မှုကောင်းများ ပေးမည်ဖြစ်ကြောင်း ၂၀၁၇ စက်တင်ဘာ ၂၃ ရက်က ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားထားသည်။

“စက်မှုဇုန်တွေထဲမှာ ကျုးကျော်တွေကလည်း ၀န်ထုပ်ဝန်ပိုးလိုဖြစ်နေတဲ့ ပြဿနာရှိပါတယ်။ ဒီနေရာမှာ ကျုးကျော်နေထိုင်သူတွေကို စစ်တမ်းကောက်ယူကြည့်တဲ့အခါမှာ အားလုံးဟာ အလုပ်အကိုင်အခွင့်အလမ်း ရှိနေပါတယ်။ အလုပ်ရှိနေတယ်။ ဒါပေမဲ့ သူတို့မှာ အိမ်၊ မြေ ၀ယ်နိုင်လောက်တဲ့ အခြေ အနေမရှိဘူး ဖြစ်နေပါတယ်။ အဲဒါကြောင့်မို့ ကျွန်တော်တို့က အလုပ်အကိုင်ကို အာမခံပေးပြီးတော့ သူတို့ကို အိမ်ရာထူထောင်ပေးနိုင်ရေးနဲ့ ရေ၊ မီး၊ ရေဆိုး၊ အမှိုက်ကိစ္စတွေမှာ ၀န်ဆောင်မှုကောင်းကောင်းနဲ့ စက်မှုဇုန်တွေကို အဆင့်မြှင့်တင်နိုင်ဖို့ ကြိုးစားသွားပါမယ်။ မြို့နယ်အလိုက်မှာလည်း စက်မှုဇုန်တွေ တည်ထောင်ပြီးတော့ မြို့နယ်အလိုက် ဖြန့်ကြက်သွားဖို့ ပြင်ဆင်သွားမှာဖြစ်ပါတယ်” ဟု ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

ရန်ကုန်မြို့ရှိ တောင်ဥက္ကလာပ၊ မြောက်ဥက္ကလာပ၊ သင်္ကန်းကျွန်း၊ ဒဂုံမြို့သစ်တောင်ပိုင်း၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊ ဒဂုံမြို့သစ်အရှေ့ပိုင်း၊ ဒဂုံမြို့သစ်ဆိပ်ကမ်း၊ ဒေါပုံ၊ သာကေတ၊ ဒလ၊ မင်္ဂလာတောင်ညွန့်၊ ရန်ကင်း၊ ကမာရွတ်၊ မရမ်းကုန်း၊ မင်္ဂလာဒုံ၊ ရွှေပြည်သာ၊ လှိုင်သာယာ၊ လှိုင်၊ အင်းစိန် စသောမြို့နယ်တို့တွင် စာရင်းကောက်ယူ သုတေသနပြုလုပ်ချက်များအရ ယင်းသို့သိရခြင်းဖြစ်ပြီး အဆိုပါမြို့နယ်များတွင် ၁၉၉၀ ပြည့်နှစ်က ကျူးကျော်အိမ်ခြေ ၉၀၁၉ အိမ်သာရှိခဲ့ရာမှ ယခုကျူးကျော်အိမ်ခြေ ၄၃၉၈၅ အိမ်အထိ တိုးပွားလာခြင်းဖြစ်ကာ ကျူးကျော်အိမ်ခြေ အများဆုံးမှာ လှိုင်သာယာမြို့နယ်ဖြစ်ပြီး ယင်းမြို့နယ်တွင် ကျူးကျော်နေထိုင်သူ တစ်သိန်းကျော်ရှိကြောင်း၊ ဒုတိယအများဆုံးမြို့နယ်မှာ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က စာရင်းကောက်ယူထားမှုများအရ ကျုးကျော်အရေအတွက်မှာ ခရိုင်လေးခုတွင် ကျုးကျော်အိမ်ခြေပေါင်း ၁၁၀၀၀၀ ကျော်၊ အိမ်ထောင်စုပေါင်း ၁၅၀၀၀၀ ကျော်နှင့် လူဦးရေစုစုပေါင်း ၄၅၀၀၀၀ ခန့်ရှိနေကြောင်း သိရသည်။

April 21, 2018














Copy Protected by Chetan's WP-Copyprotect.