အင်းလေးဖောင်တော်ဦးစေတီကို ဒါယကာတစ်ဦးတည်း ထီးတော်သစ်တင်လှူမည့်ကိစ္စ ဒေသခံများ ဝိုင်းဝန်းကန့်ကွက်သဖြင့် ဆိုင်းငံ့ထားရန် ရှမ်းပြည်နယ်အစိုးရအဖွဲ့ထံ တင်ပြထား

အင်းလေးဖောင်တော်ဦးစေတီကို ဒါယကာတစ်ဦးတည်း ထီးတော်သစ်တင်လှူမည့်ကိစ္စ ဒေသခံများ ဝိုင်းဝန်းကန့်ကွက်သဖြင့် ဆိုင်းငံ့ထားရန် ရှမ်းပြည်နယ်အစိုးရအဖွဲ့ထံ တင်ပြထား
Published 22 April 2018

အင်းလေးဖောင်တော်ဦးစေတီကို ဖူးတွေ့ရစဉ်

ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့ နယ်၊ အင်းလေးဖောင်တော်ဦးစေတီ ထီးတော်သစ်တင်လှူနိုင်ရန် ဘုရားဒါယကာတစ်ဦးတည်းမှ မတည်လှူဒါန်းမည့် အခြေအနေကို လက်သင့်မခံကြောင်း အင်းလေးဒေသခံများ ဝိုင်းဝန်းကန့်ကွက်ခဲ့ကြသဖြင့် ဆိုင်းငံ့ထားရန် ရှမ်းပြည်နယ်အစိုးရအဖွဲ့ထံ တင်ပြထားကြောင်း သတင်းရရှိသည်။

အင်းလေးဖောင်တော်ဦးစေတီတော် ထီးတော်သစ်တင်လှူနိုင်ရန်အတွက် ဧပြီလဆန်းပိုင်းတွင် အင်းလျားဆရာတော်၊ ဖောင်တော်ဦးကျောင်းမှ ဆရာတော်တချို့၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ သာသနာရေးဦးစီးဌာနနှင့် ဖောင်တော်ဦးဘုရား ဂေါပကအဖွဲ့များ၊ သံဃာတော်၊ လူပုဂ္ဂိုလ်ဦးရေ ၂၅ ယောက်ပါသောအဖွဲ့ဖြင့် အစည်းအဝေးတစ်ခု ပြုလုပ်ခဲ့ကြပြီး၊ ထီးတော်သစ်ပြင်ဆင်ရန် လတ်တလောအားဖြင့် သဘောတူခဲ့ခြင်းဖြစ်ပြီး အဆိုပါဖြစ်စဉ်ကို အင်းသူအင်းသားများ လက်မခံခဲ့သဖြင့် ပြန်လည်စဉ်းစားရန် လွှတ်တော်ကိုယ်စားလှယ်များကတစ်ဆင့် ရှမ်းပြည်နယ်အစိုးရထံ တင်ပြနေခြင်းလည်းဖြစ်သည်။

“လှူတန်းတာကို ကန့်ကွက်တာ၊ အလှူရှင်ကို ကန့်ကွက်တာတော့ မကောင်းဘူးပေါ့။ ဒါကတကယ်ပျက်စီးနေလား လှူဒါန်းဖို့ လိုအပ်နေလားဆိုတာ ရှိသေးတယ်။ ဒါက နှစ်ပေါင်း ၆၀ မပျက်စီးသေးဘူး။ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်တွေကို ထိန်းသိမ်းရမယ့်အစား၊ ရှေးဟောင်းတွေအစား ခေတ်ကာလနှင့် လျော်ညီစွာပြုပြင်ခြင်းဆိုပြီး ကြုံရာအလူမီနီယံတွေ စတီးပြားတွေ ဒါနဲ့ပတ်သက်တဲ့လူတွေက အလုပ်တစ်ခု ဖော်ဆောင်လိုက်တာပေါ့ဗျာ။ ဒါလေးတွေလည်းရှိတော့ တော်တော်များများကတော့ အသစ်ပြန်လည် ပြုလုပ်သင့်တယ်ပေါ့။ ရှေးမူမပျက်အောင် ပညာရှင်တွေနဲ့ စနစ်တကျလုပ်ပြီး နိုင်ငံတော်အဆင့် ခွင့်ပြုချက်နဲ့ ပြန်လည်ဆွေးနွေးတိုင်ပင်ပြီးမှ အသစ်ပြန်လည်တင်ဆောင်မယ်ဆိုတဲ့ သြဝါဒပေါ့နော်။ ကတိပေးထားတာပေါ့နော်။ ဒါကိုဆုံးဖြတ်ချက်တော့ မချသေးဘူးပေါ့နော်” ဟု ညောင်ရွှေမြို့ခံ ကိုခင်မောင်လတ်က ဆိုသည်။

“အင်းလေးဖောင်တော်ဦးဘုရား ထီးတော်တင်မယ့်ကိစ္စကို ပြည်သူတွေဝိုင်းအော်မှ သိရပါတယ်။ သိတော့ ကျွန်တော်တို့ သာသနာရေးဦးစီးတို့၊ သက်ဆိုင်ရာဆရာတော်တွေနဲ့ ဆွေးနွေးကြပါတယ်။ အဓိက,က လှူတာတန်းတာပဲ တကယ်ကုသိုလ်ရပါတယ်။ မတားပါဘူး လှူပါတန်းပါ။ ဒါပေမဲ့ ဖောင်တော်ဦးထီးတော်ကို အင်းသားတွေ တစ်ယောက်တစ်ကျပ်ထည့်ပြီးတော့လည်း လှူနိုင်ပါတယ်။ ကျွန်တော်တို့လည်း ကုသိုလ်ပါဝင်ချင်တာပေါ့။ တစ်ဦးတစ်ယောက်တည်း ထီးတင်တာမျိုးလည်း မကြိုက်ပါဘူး။ အဓိက သုံးချက်နဲ့ပဲပြောပါရစေ။ တစ်အချက် ဒါဟာ ကျွန်တော်တို့ရဲ့ သမိုင်းအမွေအနှစ်ပါ။ သမိုင်းအမွေအနှစ် ကျွန်တော်တို့စကား၊ ကျွန်တော်တို့ဝတ်စုံ၊ ရိုးရာအမွေအနှစ်တွေ ထိန်းသိမ်းရမှာ။ ကျွန်တော်တို့စကားကို သူတို့လာပြောမှာမဟုတ်ဘူး။ အဲဒီတော့ သမိုင်းအမွေအနှစ်ပျက်သွားရင် လူမျိုးပျောက်သွားမယ်။ နံပါတ်နှစ်အချက်ဟာ နိုင်ငံတော် ပြန်တမ်းဝင် Gazaded Pagoda ဆိုတဲ့ နိုင်ငံတော်ပြန်တမ်းဝင်ဘုရားဆိုတာ တစ်သီးပုဂ္ဂလတစ်ဦးကနေ လာပြင်လို့မရပါဘူး။ ဥပဒေဘောင်အတွင်းကနေ ရှမ်းပြည်နယ်အစိုးရကတစ်ဆင့် သွားရတာပါ။ နောက်ဆုံးတစ်ချက်ကတော့ ပြည်သူတွေ ကြိုက်ရင်တင်ပါ။ ပြည်သူတွေ မကြိုက်ရင်မတင်ပါနဲ့။ ပြည်သူတွေ မကြိုက်တဲ့ကိစ္စ သွားလုပ်ရင် ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေ ကြားညပ်ပါတယ်။ ပြည်သူတွေကို ရှင်းပြရမယ့်တာဝန်လည်း ကျွန်တော်တို့မှာရှိပါတယ်။ အဓိကအနှစ်ချုပ်ရင်တော့ သမိုင်းအမွေဖြစ်တယ်။ နိုင်ငံတော်ပြန်တမ်းဝင် ဘုရားဖြစ်တယ်။ တစ်သီးပုဂ္ဂလ မလုပ်ကြပါနဲ့။ နောက်ဆုံးတစ်ချက်ဖြစ်တဲ့ ပြည်သူ့အစိုးရလက်ထက်မှာ ပြည်သူ့အသံကို နားထောင်ကြပါ။ ဒီသုံးချက်ပါ” ဟု ညောင်ရွှေမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က ဆိုသည်။

အဆိုပါကိစ္စရပ်ကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင်ထံ တင်ပြထားပြီး၊ ဝန်ကြီးမှ ပြည်သူတွေ လက်သင့်မခံလျှင် အစိုးရအနေဖြင့်လည်း လက်ခံစရာအကြောင်းမရှိဘူးဟု ပြောကြားခဲ့ကာ၊ အဆိုပါကိစ္စကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ကက်ဘိနက်တွင် တင်ပြသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

Most Recent