လူမှုကွန်ရက်တွင်ပျံ့နှံ့ခဲ့သော ဗီဒီယိုဖိုင်တွင် ဟောကြားခဲ့သည့် အထုပ်ကလေးဆရာတော်အား ခံဝန်ကတိ လက်မှတ်ထိုးစေပြီး ဖောက်ဖျက်ပါက တည်ဆဲဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း ဝန်ကြီးဌာန ထုတ်ပြန်

လူမှုကွန်ရက်တွင်ပျံ့နှံ့ခဲ့သော ဗီဒီယိုဖိုင်တွင် ဟောကြားခဲ့သည့် အထုပ်ကလေးဆရာတော်အား ခံဝန်ကတိ လက်မှတ်ထိုးစေပြီး ဖောက်ဖျက်ပါက တည်ဆဲဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း ဝန်ကြီးဌာန ထုတ်ပြန်
Published 21 April 2018

“သစ္စာတရားသာ တကယ်သိသွားပါက စေတီပေါ်၊ ဗုဒ္ဓရုပ်ပွားတော်တွေအပေါ် ချီးတက်ပါလည်းရပါတယ်” ဆိုပြီး လူမှုကွန်ရက်တွင်ပျံ့နှံ့ခဲ့သည့် ဗီဒီယိုဖိုင်တွင် ဟောကြားခဲ့သည့် အထုပ်ကလေးဆရာတော်အား ခံဝန် ကတိလက်မှတ်ရေးထိုးစေပြီး ဖောက်ဖျက်ပါက တည်ဆဲဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ဧပြီ ၂၀ ရက် ညပိုင်းတွင် သတင်းထုတ်ပြန်ခဲ့သည်။

ထုတ်ပြန်ချက်အရ တိုက်ကြီးမြို့နယ် ကျိုက်စကိုင်းကျေးရွာ အထုပ်ကလေးရိပ်သာ၏ ဦးစီးပဓာန ရွှေကျင်ဂိုဏ်းဝင်ဆရာတော် တစ်ပါးဖြစ်သည့် ဘဒ္တန္တပဏ္ဍဝံသ အထုပ်ကလေးဆရာတော် မိန့်ကြားခဲ့သည့် ဗီဒီယိုဖိုင်နှင့်ပတ်သက်၍ ဧပြီ ၁၂ ရက် မွန်းလွဲ ၁ နာရီတွင် မြို့နယ်သံဃနာယကအဖွဲ့ (ရွှေကျင်) က အထုပ်ကလေးဆရာတော်၏ ဟောပြောချက်များသည် ထေရဝါဒ ပိဋကတ်တော်များနှင့် ညီညွတ်မှုမရှိသဖြင့် ဟောပြောခြင်းမပြုရန် သြဝါဒပေးခဲ့ကြောင်း သိရသည်။ သြဝါဒပေးမှုကို မလိုက်နာပါက သံဃာ့အဖွဲ့ အစည်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူခံရမည်ဖြစ်ကြောင်း ထပ်မံ သြဝါဒပေးခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ထိုသို့ သြဝါဒပေးမှုများနှင့်အညီ လိုက်နာမည်ဖြစ်ပါကြောင်း အထုပ်ကလေးဆရာတော်က မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တသုဇာတ၊ အကျိုးတော်ဆောင် ဆရာတော် ဘဒ္ဒန္တထေရာဝံသ၊ အဖွဲ့ဝင်ဆရာတော်များဖြစ်သောဘဒ္ဒန္တဓမ္မပါလနှင့် ဘဒ္ဒန္တပညာစာရ၊ ရတ္တညူမဟာ နာယကဆရာတော် ဘဒ္ဒန္တသာသနတို့နှင့် ဌာနဆိုင်ရာများဖြစ်သော မြို့နယ်သာသနာရေးမှူး၊ မြို့နယ်ရဲစခန်းမှူးတို့ရှေ့မှောက်တွင် ဝန်ခံကတိလက်မှတ်ရေးထိုးခဲ့သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

အထုပ်ကလေးရိပ်သာ ဆရာတော် ဘဒ္တန္တပဏ္ဍဝံသသည် ရွှေကျင်ဂိုဏ်းဝင် ဆရာတော် ဖြစ်ပြီး သက်တော် ၆၀၊ ဝါတော် ၂၉ ဝါရှိပြီ ဖြစ်ပြီး ပရိယတ္တိစာပေများ သင်ကြားဖူးခြင်း မရှိကြောင်းနှင့် ဥပဈာယ်ဆရာတော်မှာ တိုက်ကြီးမြို့နယ် ယင်းတိုက်ကွင်းကျေးရွာ၊ ပစ္ဆိမာရုံကျောင်းဆရာတော် ဦးသာသနဖြစ်ကြောင်း သိရပြီး လူမှုကွန်ရက်အင်တာနက် စာမျက်နှာတွင်ဖော်ပြပါရှိသော ဗီဒီယိုဖိုင် နှင့် ပတ်သက်၍ သက်ဆိုင်ရာ သံဃာ့အဖွဲ့အစည်းက ခေါ်ယူဆုံးမသြဝါဒပေးခြင်း၊ ခံဝန်ကတိ လက်မှတ်ရေးထိုးခြင်းများကို သံဃာ့အဖွဲ့အစည်း များက ဌာနဆိုင်ရာများ၏ ရှေ့မှောက်တွင် ဆောင်ရွက်ထားပြီးဖြစ်ကြောင်းနှင့် ဝန်ခံကတိချိုးဖောက်ပါက တည်ဆဲဥပဒေ နှင့် ထိရောက်စွာအရေးယူမည်ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားမှုအရ သိရ သည်။

Most Read

Most Recent