လက်ရှိတွင် ဓနော့လူမျိုး လူဦးရေ ၄၀၀၀ ကျော်ရှိပြီး မေလ ဒုတိယပတ်တွင် သွားရောက်မှတ်တမ်းတင်မှုများ ပြုလုပ်မည်

လက်ရှိတွင် ဓနော့လူမျိုး လူဦးရေ ၄၀၀၀ ကျော်ရှိပြီး မေလ ဒုတိယပတ်တွင် သွားရောက်မှတ်တမ်းတင်မှုများ ပြုလုပ်မည်
Published 21 April 2018

လက်ရှိတွင် ဓနော့လူမျိုး လူဦးရေမှာ ၄၀၀၀ ကျော်ရှိပြီး မေလ ဒုတိယပတ်၌ သွား ရောက်မှတ်တမ်းတင်မှုများ ပြုလုပ်မည်ဖြစ် ကြောင်း တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်က The Daily Eleven သတင်းစာကို ပြောကြားသည်။

အဆိုပါ ဓနော့လူမျိုးများနှင့်ပတ်သက်၍ ပြီးခဲ့သည့် သြင်္ကန်မတိုင်ခင်က တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနအနေဖြင့် သွားရောက်တွေ့ဆုံခဲ့ကြောင်း ဦးဝင်းနိုင်က ဆိုသည်။

“ကျွန်တော်တို့ မေလဒုတိယပတ်လောက် မှန်းထားတာပေါ့နော်။ ကျွန်တော်တို့က ဓာတ်ပုံသမားတွေရော၊ ဗီဒီယိုရော၊ နောက်သူတို့ကိုမေးမဲ့ မေးခွန်းတွေရောပြုစု ထားပြီးသားလေ။ အဲဒီရက်သွားမယ်လို့ အကြမ်းဖျင်း လျာထားတယ်။ ကော်မတီလည်း ဖွဲ့ထားတယ်”ဟု တိုင်းရင်းသားလူမျိုးများရေး ရာဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်က ပြောကြားသည်။

ဓနော့လူမျိုးများမှာ တောင်ကြီးခရိုင်နှင့် ကလောခရိုင်တို့တွင် နေထိုင်ကြပြီး အများစုမှာ ဗုဒ္ဓဘာသာကိုးကွယ်ကြပြီး တောင်ယာလုပ်ကိုင်ကြကြောင်း တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်က ဆိုသည်။

“ဓနော့လူမျိုး ရှိတဲ့ဘက်ကို အရင်သွားမှာ။ သူတို့ကဗျ ကျွန်တော်တို့ သွားတွေ့လိုက်တဲ့အခါကျတော့ သူတို့က စုစုပေါင်း လူဦးရေက ၄၀၀၀ ကျော်လောက်ရှိတယ်။ နောက် သူတို့က အဓိကနေတာက ခရိုင်နှစ်ခုမှာပေါ့။ တောင်ကြီးခရိုင်နဲ့ ကလောခရိုင်မှာ နေကြတယ်။ တောင်ကြီးခရိုင်မှာကလည်း ရွာတွေ ရှိတာပဲ။ ကလောဘက်မှာလည်း ရွာတွေရှိတာပေါ့နော်။ အဲဒီနှစ်ခုပေါင်းလိုက်ရင် လူဦးရေက ၄၀၀၀ ကျော်လောက်ရှိတာပေါ့”ဟု ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်က ပြောကြားသည်။

ထို့ပြင် ဝန်ကြီးဌာနအနေဖြင့် ယခင်က ဓနော့လူမျိုးများရှိရာသို့ သွားရောက်လေ့လာခဲ့သည့် အဖွဲ့အစည်းများ၏ မှတ်တမ်းများကို လေ့လာနေကြောင်း၊ မေးမြန်းမည့် မေးခွန်းများကို ပြုစုနေကြောင်းနှင့် သွားရောက်မှတ်တမ်းတင်မှုများပြီးပါက မှတ်တမ်းစာအုပ်အဖြစ် ပြန်ထုတ်မည်ဖြစ်ကြောင်း ဦးဝင်းနိုင်က ဆက်လက်ပြောကြားသည်။

“ကျွန်တော်တို့က ပျောက်ကွယ်လုနီးပါးဟာကို ကျွန်တော်တို့က ဒီလိုမျိုး သွားလုပ်ခြင်းအားဖြင့် သူတို့လူမျိုးကို သူတို့ ချစ်မြတ်နိုးတဲ့ စိတ်ဓာတ်တွေ၊ သူတို့ရဲ့ ရိုးရာဓလေ့ကို သူတို့ ပိုပြီးတော့ ထိန်းသိမ်းစေချင်တဲ့ စိတ်ဓာတ်တွေ ကိန်းအောင်းလာအောင်ပေါ့နော်။ ကိုယ့်အမျိုးကို ချစ်မှထိန်းသိမ်းမှ ရေရှည်တည်တံ့နိုင်မှာပေါ့နော်။ နောက်သူတို့ရဲ့ စာပေတွေ၊ စကားတွေကို ပိုမိုပြီးတော့ ပြောဆိုရေးတာ၊ ထိန်းသိမ်းကြဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အဲဒီလိုမျိုးလုပ်ကြတာပါ။ အခုဟာကလည်း နိုင်ငံတကာမှာလည်း တိုင်းရင်းသားလူမျိုးတွေက တဖြည်းဖြည်းနဲ့ လျော့လာတာပေါ့နော်။ နည်း လာတယ်။ တချို့ကလည်း ပျောက်ကွယ်သွားတာတွေရှိတဲ့ အခါကျတော့ ကျွန်တော်တို့က ဒီလိုမျိုးထိန်းသိမ်းထားတာတွေ၊ မှတ်တမ်း တင်ထားတာတွေမရှိဘူးဆိုရင် ဒါတွေကို နောက်လူတွေ မသိဘူးဖြစ်သွားမှာပေါ့နော်။ အဲဒီလို ဖြစ်မှာဆိုးလို့ပါ။ ထိန်းသိမ်းမှတ်တမ်းတင်ထားဖို့ လိုအပ်လို့ပါ”ဟု ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်က ပြောကြားသည်။

Most Read

Most Recent