ရန်ကုန်မြို့သစ်စီမံကိန်း အကောင်အထည် ဖော်ဆောင်မည့် အစီအစဉ် ပျက်သွားမည် မဟုတ်ကြောင်း ရန်ကုန်တိုင်း ဝန်ကြီးချုပ် ပြောကြား

ရန်ကုန်မြို့သစ်စီမံကိန်း အကောင်အထည် ဖော်ဆောင်မည့် အစီအစဉ် ပျက်သွားမည် မဟုတ်ကြောင်း ရန်ကုန်တိုင်း ဝန်ကြီးချုပ် ပြောကြား
Published 21 April 2018

ဧပြီ ၂၀ ရက်က ကျင်းပသည့် Yangon Investment Forum 2018 ဆိုင်ရာ သတင်းစာ ရှင်းလင်းပွဲကို တွေ့ရစဉ် (ဓာတ်ပုံ-ဇေယျာငြိမ်း)

ရန်ကုန်မြို့သစ်စီမံကိန်း အကောင်အထည်ဖော်ဆောင်မည့် အစီအစဉ်သည် ပျက်သွားမည်မဟုတ်ကြောင်း ဧပြီ ၂၀ ရက်က UMFCCI ၌ ကျင်းပသည့် Yangon Investment Forum 2018 ဆိုင်ရာ သတင်းစာရှင်းလင်းပွဲတွင် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

“ပျက်သွားမယ့် အစီအစဉ် မရှိပါဘူး။ ဘာကြောင့်ပျက်သွားဖို့ အစီအစဉ်မရှိဘူးလဲဆိုရင် အခုကျွန်တော်တို့ရဲ့ ဒီမိုကရေစီစနစ် ဖြစ်ပါတယ်။ ကျွန်တော်တို့ ဒီအခြေအနေ ဆောင်ရွက်ရာမှာ လွှတ်တော်၊ အစိုးရ ဘက်ပေါင်းစုံမှ ဆောင်ရွက်ကြရတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ဒီမြို့သစ်စီမံကိန်းကြီးက ဘယ်တော့စမှာလဲဆိုရင် စပြီးလုပ်ကတည်းက ကာလတစ်ခုကိုရောက်အောင် လုပ်ငန်းစဉ်တွေ တစ်ခုပြီးတစ်ခု တိုးတက်လာအောင် လုပ်ဆောင်နေတယ်” ဟု ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

ရန်ကုန်မြို့သစ် စီမံကိန်းအား လက်ရှိတွင် ဆောင်ရွက်မှု မပြုသင့်သေးကြောင်း ဝေဖန်မှုများရှိနေပြီး ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင်လည်း အဆိုပါစီမံကိန်းကို လက်ရှိ အစိုးရစီမံကိန်းအတွင်း ဆောင်ရွက်ရန် မသင့်ကြောင်းနှင့် ရည်မှန်းချက်အဖြစ်သာ ထားရှိသင့်ကြောင်း ဆွေးနွေးထားသည်။

“လက်ရှိ ရန်ကုန်မြို့တော်ရဲ့ ဆောက်လုပ်ရေးစီမံကိန်းတွေက Vertical Extension အရ လုပ်ရမယ့် လုပ်ငန်းတွေ အများအပြား ရှိပါတယ်။ ဥပမာ ရန်ကင်း၊ မင်္ဂလာဒုံ၊ မရမ်းကုန်း၊ ဒဂုံ-လေးမြို့နယ်၊ လှိုင်သာယာ၊ ရွှေပြည်သာ အဲဒီနေရာတွေမှာ Vertical Extension အရ လုပ်ရမယ့် ဆောက်လုပ်ရေး လုပ်ငန်းတွေ အများကြီး ရှိပါတယ်။ ဒါကြောင့်မို့လို့ ရန်ကုန်မြို့ရဲ့ တစ်ဖက်ကမ်းမှာရှိတဲ့ မြို့သစ်စီမံကိန်း Vertical Extension များကို ယခုအခါမှာ ဆောင်ရွက်ရန်မသင့်ကြောင်း ယူဆပါတယ်။ နောက်ဆုံးအချက်ကတော့ လက်ရှိ တိုင်းပြည်ရဲ့ စီးပွားရေး အခြေအနေအရ အသေးစား၊ အလတ်စား လုပ်ငန်းများကို ဦးစားပေး ဆောင်ရွက်ရမယ့် ကာလဖြစ်ပါတယ်။ အကြီးစား စီမံကိန်းများကို ယခု ကျွန်တော်တို့ အစိုးရသက်တမ်းမှာ ရည်မှန်းချက်အနေနဲ့ပဲ ထားသင့်တယ်လို့ ကျွန်တော်ယူဆပါတယ်။ ယခု ၂၀၁၈ ခုနှစ် ဒေသန္တရစီမံကိန်း ဥပဒေကြမ်း နောက်ဆက်တွဲ အနေနဲ့ ပါဝင်သော ရန်ကုန်တိုင်းဒေသကြီးအတွင်း ဒေသဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်မယ့် လုပ်ငန်းစီမံချက် အဆိုပြုချက်ကို ယခုလွှတ်တော်မှာ မှတ်တမ်းလည်း မထားသင့်ပါဘူး။ သဘောတူညီချက်လည်း မပေးသင့်ကြောင်း တင်ပြဆွေးနွေး အပ်ပါတယ်” ဟု တာမွေမြို့နယ် မဲဆန္ဒနယ်အမှတ် (၂)၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းမြင့်က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် မတ် ၂၃ ရက်က ဝေဖန်ဆွေးနွေးထားသည်။

ရန်ကုန်မြို့သစ်စီမံကိန်း ပထမအဆင့်အတွက် ကနဦး အခြေခံ အဆောက်အအုံ ဆောက်လုပ်ခြင်းအတွက် အမေရိကန် ဒေါ်လာ ၁ ဒသမ ၅ ဘီလျံကျော် ကုန်ကျမည်ဖြစ်ကြောင်း သိရသည်။

ယင်းရန်ကုန်မြို့သစ် စီမံကိန်းနှင့် ပတ်သက်ပြီး အကောင်အထည်ဖော် ဆောင်ရွက်မည့် NYDC (New Yangon Development Company Ltd.,) မိတ်ဆက်ခြင်း အခမ်းအနားအား မတ် ၃၁ ရက်တွင် ရန်ကုန်မြို့ ပြည်လမ်းရှိ Lotte Hotel တွင် ပြုလုပ်ခဲ့သည်။

“ခိုင်မာတောင့်တင်းသော စက်မှုအခြေခံ တည်ဆောက်ခြင်းက အလုပ်အကိုင်များကို ဖန်တီးပေးမှာဖြစ်ပြီ ယင်းမှတစ်ဆင့် အကျိုးကျေးဇူးများကို အခြားကဏ္ဍများသို့ တဖြည်းဖြည်း စီးဆင်းစေမှာ ဖြစ်ပါတယ်။ ရန်ကုန်မြို့သစ်က အလုပ်အကိုင်နှစ်သန်းကို ဖန်တီးပြီး ဒေသခံစီးပွားရေး လုပ်ငန်းများ အထောက်အကူပေးခြင်းနဲ့ နိုင်ငံတကာမှ စီးပွားရေး ကုမ္ပဏီများကိုလည်း ဆွဲဆောင်ရွက်နိုင်ဖို့ မျှော်လင့်ထားပါတယ်။ စီမံကိန်းမှာ ကမ္ဘာ့အဆင့်မီ ရေရှည်တည်တံ့ပြီး စိတ်ချရတဲ့ အခြေခံ အဆောက်အအုံနဲ့ လူတန်းစား အားလုံးအတွက် တန်ဖိုးသင့် နေထိုင်စရာလည်း ပါဝင်မှာ ဖြစ်ပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

NYDC ကို အထူးကုမ္ပဏီများ အက်ဥပဒေဖြင့် ဖွဲ့စည်းတည်ထောင်ခဲ့ခြင်း ဖြစ်ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ရာနှုန်းပြည့်ပိုင်ဆိုင်ပြီး မြို့သစ်တည်ဆောက်ရေးလုပ်ငန်း ပထမအဆင့်နှင့် ဆက်စပ်သည့် အခြေခံ အဆောက်အအုံလုပ်ငန်းသည် ပျမ်းမျှအားဖြင့် ဒေါ်လာ ၁ ဒသမ ၅ ဘီလျံကျော် ကုန်ကျမည်ဟု မျှော်မှန်းထားကြောင်း၊ အဆိုပါ လုပ်ငန်းများတွင် ရွာ၊ မြို့နယ်ငါးခု၊ တံတားနှစ်စင်း၊၂၆ ကီလိုမီတာအရှည် ပင်မလမ်းကြောင်းများ၊ ၁၀ စတုန်းရန်းကီလိုမီတာရှိ စက်မှုဇုန်၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု စက်ရုံ၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး အဆောက်အအုံများ၊ ရေသန့်နှင့် ရေဆိုးထုတ်စက်ရုံများ ပါဝင်မည် ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent