ကျိုးပျက်ခဲ့သည့် မြောင်းမြကြိုးတံတားအဟောင်း ဖျက်သိမ်းမှု ရာခိုင်နှုန်း ၂၀ ခန့် ပြီးစီးနေပြီဖြစ်ပြီး မြစ်အတွင်း နစ်မြုပ်နေသည့် တံတားအပိုင်းအစများကိုပါ အလျင်အမြန် ဆယ်ယူမည်

ကျိုးပျက်ခဲ့သည့် မြောင်းမြကြိုးတံတားအဟောင်း ဖျက်သိမ်းမှု ရာခိုင်နှုန်း ၂၀ ခန့် ပြီးစီးနေပြီဖြစ်ပြီး မြစ်အတွင်း နစ်မြုပ်နေသည့် တံတားအပိုင်းအစများကိုပါ အလျင်အမြန် ဆယ်ယူမည်
Published 21 April 2018

မြောင်းမြကြိုးတံတားအဟောင်း ဖျက်သိမ်းမှု ပြီးစီးသည့် အနေအထားကို တွေ့ရစဉ်

ဧပြီ ၁ ရက်တွင် ကျိုးကျပျက်စီးခဲ့သည့် မြောင်းမြကြိုးတံတားအား ရှင်းလင်းဖယ်ရှား နိုင်ရေးအတွက် ဧပြီ ၁၇ ရက်မှ လုပ်ငန်းများ လုပ်ဆောင်နေပြီး ယနေ့အချိန်အထိ ရာခိုင်နှုန်း ၂၀ ခန့် လုပ်ငန်းများ ပြီးစီးနေပြီ ဖြစ်ကြောင်း သတင်းရရှိသည်။

မြောင်းမြကြိုးတံတားအဟောင်း ဖျက်သိမ်းနေမှုမှာ ရာခိုင်နှုန်း ၂၀ ခန့် ပြီးစီးနေပြီဖြစ်ပြီး ဂျပန်နည်းပညာရှင်များနှင့် ပူးပေါင်း၍ တပ်မတော်ရေ၊ ဆောက်လုပ်ရေး ဝန်ကြီးဌာနတို့မှ ဖြုတ်သိမ်းလျက်ရှိကြောင်း၊ မြစ်အတွင်းသို့ နစ်မြုပ်လျက်ရှိနေသည့် တံတားအပိုင်းအစများ ဆယ်ယူရေးအတွက်မူ မြစ်ရေအတက်အကျ အချိန်အလိုက် လုပ်ဆောင်နေရခြင်းကြောင့် ခက်ခဲမှုများ ရှိနေကြောင်း၊ တံတားအဟောင်းရှိ တာဝါတိုင်များကို ဖြုတ်ချနိုင်ရေး အတွက်လည်း တန် ၂၅၀ ခံ ကရိန်းယာဉ်များကို သယ်ယူထားကြောင်း သိရသည်။

“ပြည်ထောင်စုဝန်ကြီးရော ဒုဝန်ကြီးရောက ဦးဆောင်ပြီးတော့ လုပ်နေတာပါ။ အဲဒီမှာတော့ ဒီ ၁၇ ရက်က စပြီးတော့ ဖြုတ်သိမ်းတာတွေ လုပ်ဆောင်ထားပါတယ်၊ နောက်ပြီးတော့လည်း ပမ္မဝတီရေတပ်ကနေပြီး စက်ကရိယာတွေပါတယ်။ နောက်တံတားဦးစီးကလည်း ကျွမ်းကျင်ရေငုပ်တဲ့သူတွေပါ ခေါ်ပြီးတော့ လုပ်ဆောင်နေတယ်။ ရေထဲအပိုင်းကတော့ နည်းနည်းခက်ခဲမယ်။ အဲဒါကိုလည်း ခန့်မှန်းခြေ အမြန်ဆုံးပြီးအောင် ဆောင်ရွက်နေတယ်။ နောက်တာဝါတိုင်ကြီး နှစ်တိုင်က မြောင်းမြဘက်ကို စပြီးတော့ ဖြုတ်နေတယ်၊ တန် ၂၅၀ လောက် ကရိန်းတွေလည်း လာနေပါပြီ။ အဲဒါရောက်တာနဲ့ တာဝါတိုင်တွေကို ဖျက်ချဖို့လုပ်မယ်။ မြောင်းမြဘက်ကမ်းပြီးမှ ပုသိမ်ဘက်ကမ်းကို လုပ်မယ်။ ဂျပန်နည်းပညာနဲ့ပဲ လုပ်ဆောင်နေတာ၊ အမြန်ဆုံးတော့ ပြီးအောင်လုပ်နေပါတယ်။ ရေထဲကဟာကျတော့ ပြောရခက်တယ်” ဟု ဧရာဝတီတိုင်းဒေသကြီး လျှပ်စစ်၊ လမ်းပန်းနှင့် စက်မှုဝန်ကြီး ဦးဝင်းဌေးက ပြောကြားသည်။

လပွတ္တာမြို့နှင့် မြောင်းမြမြို့များမှ ခရီးသွားပြည်သူများ အဆင်ပြေစေရေးအတွက် မြောင်းမြတံတားအသစ်ကို တစ်နှစ်အတွင်း တည်ဆောက်သွားမည် ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent