ထားဝယ်မြို့၌ ပြုလုပ်သည့် နိုင်ငံတော်သမ္မတအား ထောက်ခံကြိုဆိုပွဲအတွက် ဌာနဆိုင်ရာ ဝန်ထမ်းအားလုံး တက်ရောက်ရန် စာထုတ်ခဲ့ခြင်းအပေါ် ဝေဖန်မှုများထွက်ပေါ်

ထားဝယ်မြို့၌ ပြုလုပ်သည့် နိုင်ငံတော်သမ္မတအား ထောက်ခံကြိုဆိုပွဲအတွက် ဌာနဆိုင်ရာ ဝန်ထမ်းအားလုံး တက်ရောက်ရန် စာထုတ်ခဲ့ခြင်းအပေါ် ဝေဖန်မှုများထွက်ပေါ်
Published 21 April 2018

ဧပြီ ၂၀ ရက်က ထားဝယ်မြို့၌ ပြုလုပ်သည့် နိုင်ငံတော်သမ္မတအား ထောက်ခံကြိုဆိုပွဲသို့ တက်ရောက် လာသူများကို တွေ့ရစဉ် (ဓာတ်ပုံ-ဖြိုးဇင်)

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ရှိ ဗိုလ်ချုပ်အောင်ဆန်းမြင်းစီးရုပ်တု အဝိုင်းတွင် ဧပြီ ၂၀ ရက် နံနက်က နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်အား ထောက်ခံကြိုဆိုကြောင်း ဆိုင်းဘုတ်ဖွင့်ပွဲ ပြုလုပ်ခဲ့ပြီး ဌာနဆိုင်ရာ ဝန်ထမ်းအားလုံး မပျက်မကွက် တက်ရောက်ရန် စာထုတ်ခဲ့ခြင်းအပေါ် ဝေဖန်မှုများ ထွက်ပေါ်ခဲ့ကြောင်း သိရသည်။

အဆိုပါ နိုင်ငံတော်သမ္မတ ကြိုဆိုထောက်ခံပွဲသို့ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၏ လက်အောက်ရှိ တိုင်း၊ ခရိုင်၊ မြို့နယ် အဆင့်များတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများအားလုံး မပျက်မကွက် တက်ရောက်ရန်နှင့် တက်ရောက်လာသည့် အင်အားစာရင်းကိုပါ ယူဆောင်၍ တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ သတင်းပေးပို့ရန် ဧပြီ ၁၉ ရက် နေ့စွဲပါစာဖြင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ကိုယ်စား အစိုးရအဖွဲ့ အတွင်းရေးမှူးဖြစ်သူ၏ လက်မှတ်ဖြင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအားလုံးထံ စာထုတ်ပြန်ခဲ့ကြောင်း၊ ထိုသို့ စာထုတ်ပြန် ခေါ်ယူခဲ့ခြင်းမှာ ဒီမိုကရေစီစံနှုန်းနှင့် မကိုက်ညီဘဲ ခေတ်နောက် ပြန်ဆွဲသည့်ပုံစံ ဖြစ်နေသည်ဟု ဝေဖန်မှုများ ရှိခဲ့သည်။

“လုပ်တာကို လက်မခံတာ မဟုတ်ဘူး။ လက်ခံတယ်။ ပြည်သူတစ်ရပ်လုံးသည် ဒီသမ္မတ၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နောက်မှာ ရှိတယ်ဆိုတာ ပြရမှာတော့ လက်ခံတယ်။ ဒါပေမဲ့ တစ်အိမ်တစ်ယောက် မဖြစ်မနေ လုပ်ရမှာကတော့ ဌာနထဲမှာရှိတဲ့ လူအကုန်လာပါဆိုတဲ့ စာထွက်ပြီးတော့ ခိုင်းရတာတော့ မဖြစ်သင့်ဘူးလို့ ထင်တယ်။ အခုလို အတင်းအကျပ်ကြီးနဲ့မဖြစ်မနေ တက်ခိုင်းတာက ကျွန်တော်တို့ ကျောင်းသားဘ၀ ငယ်ငယ်က မနက်စောစောစီးစီးသွားပြီး ကောက်ညှင်းပေါင်း တစ်ယောက်တစ်ထုပ်ကျွေးပြီး  နေပူကြီးထဲ ဘောလုံးကွင်းထဲမှာထိုင်ပြီး လက်ခုတ်တီးရတဲ့ ပြည်သူထောက်ခံပွဲတွေ လုပ်သလိုမျိုး ဖြစ်နေတယ်။ အဲဒီခေတ် ပြန်ရောက်သွားသလိုပဲ။ မယောင်ရာဆီလူးတယ်လို့ ခံစားရတယ်။ နောက်တစ်ချက်က ဌာနဆိုင်ရာလူတွေ အကုန်ခေါ်တယ်။ နေပူကြီးထဲမှာ တစ်ခုခု ဖြစ်သွားရင် ဘယ်လိုလုပ်မလဲ။ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောတုန်းကတောင် ရွက်ဖျင်တဲတွေ လုပ်ပေးထားသေးတယ်။ အခုဘာလို့ မလုပ်ပေးတာလဲ။ ပွင့်ပွင့်လင်းလင်း ပြောရရင် မိုးပျံပူပေါင်း လွှတ်တာတို့၊ ဘင်ခရာအဖွဲ့ခေါ်တာတို့ နိုင်ငံတော်ဘဏ္ဍာ အပိုကုန်တာ။ လမ်းတွေလည်း ပိတ်သေးတယ်။ ကလေးတွေကို မသနားကြဘူးလား။ နေပူကဲျကျဲကြီးထဲမှာ။ ဘင်ခရာတီးတယ် ဆိုတာလည်း ဘာကိုရည်ရွယ်ပြီး တီးတာလဲ။ လုပ်စေချင်တာက နိုင်ငံတော်သမ္မတရဲ့ မိန့်ခွန်းကို ပြန်ဖွင့်ပြရင်တောင်မှ မကြားလိုက်ရတဲ့သူ ကြားရအောင် လုပ်စေချင်တာ။ အခြားနေရာမှာလည်း ဒီလိုဆိုင်းဘုတ်ထောင်တာ လုပ်ကြတာပဲ။ ဘာသံမှ မကြားရဘူး။ အခုတော့  ဌာနတစ်ခုချင်းစီမှာ လာရတဲ့သူ နည်းတာမဟုတ်ဘူး။ ပုံကြီးချဲ့လုပ်တယ်လို့မြင်တယ်” ဟု  ထောက်ခံပွဲ တက်ရောက်ရန် စာထုတ်ခေါ်ယူခြင်းခံရသည့် ထားဝယ်မြို့ပေါ်ရှိ အစိုးရဌာနတစ်ခုမှ အရာထမ်းတစ်ဦးက ပြောကြားသည်။ လက်ရှိ နိုင်ငံတော်အစိုးရနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ ဦးဆောင်မှုအပေါ် ထောက်ခံသော်လည်း ယခင်စစ်အစိုးရခေတ်ကဲ့သို့ အတင်းအကျပ် မလာမနေရပုံစံဖြင့် ပြုလုပ်ခြင်းမှာ မဖြစ်သင့်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

ဧပြီ ၂၀ ရက်က ထားဝယ်မြို့၌ ပြုလုပ်သည့် နိုင်ငံတော်သမ္မတအား ထောက်ခံကြိုဆိုပွဲသို့ တက်ရောက်ခဲ့သည့် သူနာပြု ဆရာမများအား တွေ့ရစဉ် (ဓာတ်ပုံ-ဖြိုးဇင်)

နိုင်ငံတော်သမ္မတအား ထောက်ခံကြောင်း ဆိုင်းဘုတ်ဖွင့်ပွဲအတွက် ဌာနဆိုင်ရာ ဝန်ထမ်းများအား မတက်မနေရ စာထုတ်ပြန် ခေါ်ယူခဲ့သည့်အပေါ် လုပ်လေ့ရှိသည့်အရာ တစ်ခုဖြစ်ပြီး ထူးဆန်းသည့်ကိစ္စတစ်ခု မဟုတ်သော်လည်း ယခုကိစ္စနှင့် ပတ်သက်၍ ဝန်ထမ်းများအနေဖြင့် ငြိမ်ခံနေသည့်ပုံစံ မဟုတ်ဘဲ မတရားသည့် ကိစ္စအပေါ် ဒီမိုကရေစီအစိုးရ လက်ထက်တွင် ဒီမိုကရေစီစံနှုန်းနှင့် မကိုက်ညီကြောင်း ဝန်ထမ်းများထံမှ အသံများ ထွက်ပေါ်လာသည်ကို ၎င်းအနေဖြင့် ကြိုဆိုကြောင်း၊ ဌာနဆိုင်ရာများအားလုံးထံ ယင်းအခမ်းအနားသို့ မပျက်မကွက် တက်ရောက်ရန် စာထုတ်ရာ၌ ဝန်ကြီးချုပ်၏ ကိုယ်စားအနေဖြင့် အတွင်းရေးမှူးက လက်မှတ်ရေးထိုးထားသော်လည်း ဝန်ကြီးချုပ်မှ ခွင့်ပြုသောကြောင့်သာ ယင်းကဲ့သို့စာထုတ်ခဲ့ခြင်းဖြစ်ပြီး ယင်းစာအပေါ် ဝန်ကြီးချုပ်မသိခြင်းမှာ မဖြစ်နိုင်ကြောင်း ၎င်းအနေဖြင့် ထင်မြင်သည်ဟု တနင်္သာရီတိုင်းဒေသကြီး အတွင်းမှ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးက ဆိုသည်။

ယင်းထောက်ခံပွဲ၌  အင်တိုက်အားတိုက် ထောက်ခံခြင်းအားဖြင့် ဝန်ထမ်းများအားလုံး သမ္မတဘက်တွင် ရှိနေကြောင်း သိရှိ၍ လက်ရှိ သမ္မတသစ်၏ ရုံးလုပ်ငန်းဆိုင်ရာ လုပ်ငန်းများ အားလုံးတွင် လုပ်ကိုင်ရာ၌ ပိုမိုအားရှိစေရန် အားဖြည့်ပေးသည့် အနေဖြင့် ထောက်ခံပွဲ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ ထောက်ခံပွဲသို့ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ မပျက်မကွက် တက်ရောက်ရန် စာထုတ်ခဲ့ခြင်းမှာ ဝန်ကြီးချုပ်မှသိရှိ၍ ထုတ်ခဲ့ခြင်း မဟုတ်ဘဲ ဝန်ထမ်းများအား တွန်းအားပေးဆောင်ရွက်ရန် ၎င်းအနေဖြင့် ထုတ်ခဲ့ခြင်းဖြစ်သည်ဟု တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးကောင်းစံဦးက ပြောကြားသည်။

“ငါတို့ကတော့ ဝန်ထမ်းအဖွဲ့အစည်းလေ။ ဒီလက်ရှိသမ္မတသည် ပါတီနဲ့ မဆိုင်တော့ဘူး။ သူက ငါတို့ရဲ့ နိုင်ငံတော်သမ္မတ။ အစိုးရအဖွဲ့ရဲ့ အကြီးအကဲ ဖြစ်သွားပြီ။ အဲဒီတော့ အစိုးရအဖွဲ့အောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းအားလုံး စုစုဝေးဝေးနဲ့ ညီညီညာညာနဲ့ လက်ရှိတက်လာတဲ့သမ္မတကို ထောက်ခံလိုတဲ့သဘော ရှိတဲ့အတွက်ကြောင့် အင်တိုက်အားတိုက် ထောက်ခံနိုင်ဖို့အတွက်ကို ငါတို့ကနေပြီး တွန်းအားပေးပြီး ဆောင်ရွက်တာ။ ဘယ်သူက ဘယ်လောက်တက်ပါ။ ဘယ်ဌာနကတော့ ဘယ်နှယောက်လောက် လာကြဖို့အဲဒီလို တိုက်တွန်းတဲ့စာကို ကိုယ်ကရေးလိုက်တာ။ ဝန်ကြီးချုပ်ကိုယ်စား ဆိုတာ ဝန်ကြီးချုပ်ကိုယ်စား မဟုတ်ဘူး။ တကယ်တမ်းကျတော့။ စာတွေများနေလို့ အောက်ကတပည့်တွေကို ရေးခိုင်းလိုက်ပြီး လက်မှတ်ထိုးတာ။ အမှန်က အတွင်းရေးမှူးက ထိုးရမှာ။ ဝန်ကြီးချုပ်ကိုယ်စား မဟုတ်ဘူး” ဟု တနင်္သာရီတိုင်း ဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးကောင်းစံဦးက ပြောကြားသည်။

အဆိုပါ ဆိုင်းဘုတ်ဖွင့်ပွဲကို နံနက် ၉ နာရီတွင် စတင်ခဲ့ပြီး တနင်္သာရီတိုင်းဒေသကြီး အတွင်းရှိ လွှတ်တော်ကိုယ်စားလှယ် အချို့နှင့် အစိုးရအဖွဲ့ ဝန်ကြီးများ တက်ရောက်ခဲ့ပြီး ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်က စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးခဲ့ကြောင်း၊ အခမ်းအနားသို့တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများအပြင် ထားဝယ်ဒေသရှိ တက္ကသိုလ်များမှ ဝန်ထမ်းများ၊ ထားဝယ်ပညာရေး ကောလိပ်မှ ကျောင်းသားများနှင့် သူနာပြု သင်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများ တက်ရောက်ခဲ့ပြီး လူဦးရေ ၁၀၀၀ နီးပါး တက်ရောက်ခဲ့ကာ မနက် ၉ နာရီ ၅ မိနစ်တွင် အခမ်းအနား ပြီးဆုံးခဲ့သည်။

၎င်းထောက်ခံပွဲသို့မပျက်မကွက် တက်ရောက်ရန် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဌာနဆိုင်ရာများသို့ ထုတ်ပြန်ခဲ့သည့်စာမှာ လူမှုကွန်ရက် ဖေ့စ်ဘွတ်ပေါ်တွင် ပြန့်နှံ့ခဲ့ပြီးနောက် ယင်းသို့ခေါ်ယူမှုအပေါ် နိုင်ငံရေး လေ့လာသူများနှင့် ဝေဖန်သူများအကြား ဝေဖန်မှု မြင့်တက်ခဲ့ကြောင်း သိရသည်။

 

Most Read

Most Recent