မြန်မာနိုင်ငံ ပြည်တွင်းကိုဗဟိုပြု၍ တစ်ရက်အတွင်း ငလျင်နှစ်ကြိမ်လှုပ်ခတ်

မြန်မာနိုင်ငံ ပြည်တွင်းကိုဗဟိုပြု၍ တစ်ရက်အတွင်း ငလျင်နှစ်ကြိမ်လှုပ်ခတ်
Published 21 April 2018

တစ်ရက်အတွင်း မြန်မာနိုင်ငံပြည်တွင်းကိုဗဟိုပြု၍ ငလျင် နှစ်ကြိမ်လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါငလျင်သည် ဧပြီ ၂၀ ရက် မြန်မာ စံတော်ချိန် ၁၀ နာရီ ၄၅ မိနစ် ၂၂ စက္ကန့်တွင် ကမ္ဘာအေးမြေငလျင်စခန်းမှ မြောက်-အနောက်မြောက်ဘက် မိုင် ၁၀၀ ခန့်ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (ဖြူးမြို့၏ အ နောက်တောင်ဘက် ၂၉ မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် ၁၈ ဒသမ ၃၀ ဒီဂရီ၊ အရှေ့ လောင်ဂျီတွဒ် ၉၆ ဒသမ ၀၃ ဒီဂရီ၊ အနက် ၂၃ ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်ချ် တာစကေး ၄ ဒသမ ၈ အဆင့်ရှိ အင်အား အနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဧပြီ ၂၀ ရက် မြန်မာစံတော်ချိန် ၂ နာရီ ၅၈ မိနစ်တွင် ကသာမြေငလျင်စခန်း မှ အနောက်မြောက်ဘက် ၉၄ မိုင်ခန့် ကွာဝေး သော မြန်မာနိုင်ငံ ပြည်တွင်း (ထမံသီ၏အရှေ့ တောင်ဘက် ၁၀ မိုင်ခန့်အကွာ) မြောက် လတ္တီတွဒ် ၂၅ ဒသမ ၂၇ ဒီဂရီ၊ အရှေ့လောင် ဂျီတွဒ် ၉၅ ဒသမ ၄၄ ဒီဂရီ၊ အနက် ၁၆၄ ကီ လိုမီတာကို ဗဟိုပြုပြီး အင်အားရစ်ချ်တာ စကေး ၄ ဒသမ ၅ အဆင့်ရှိ ငလျင်လှုပ်ခတ် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၂၀၁၈ ဇန်နဝါရီ ၁၂ ရက်တွင် ဖြူးမြို့  အနောက်-တောင်ဘက် ၁၇ မိုင်ခန့်အကွာကို ဗဟိုပြု၍ အင်အားရစ်ချ်တာစကေး ၆ ဒသမ ၀ အဆင့်ရှိ ငလျင်လှုပ်ခတ်သည့် ငလျင်မှ နောက်ဆက်တွဲ ငလျင် အကြိမ် ၆၀ ကျော်ခန့်  လှုပ်ခတ်ခဲ့ကြောင်း သိရသည်။

မြေငလျင်လှုပ်ခတ်မှုသည် ကျောက်သားထုချပ်နှစ်ခု တစ်ခုနှင့်တစ်ခု တွန်းတိုက်မိရာမှ တစ်ခုမှ အခြားတစ်ခုအောက်သို့ ငုပ်လျှိုးဝင်ရောက်ပြီး အပေါ်တစ်ခုသည် တွန်း တိုက်ခံရသည့်အတွက် တွန့်ခေါက်လာကာ အဆိုပါတွန်းတိုက်သည့်နေရာတွင် အားများ တဖြည်းဖြည်း စုစည်းလာပြီး စုစည်းမိသော အားများ ရုတ်တရက်ရုန်းကန်ပြန့်ထွက်ကာ  မြေငလျင်လှုပ်ခတ်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံအဖျားပိုင်း ကချင်ပြည်နယ် ပူတာအိုအနီးမှ စတင်ခဲ့ပြီး မုတ္တမပင်လယ်ကွေ့အထိ မြောက်မှ တောင်အထိ ရှိနေသည့် စစ်ကိုင်းပြတ်ရွေ့သည် အဆိုးရွားဆုံးငလျင် ကြောကြီးတစ်ခုဖြစ်သည်။ ထို့ပြင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝအနီး တောင်- မြောက်တန်းလျက်တည်ရှိနေသည့် ကဘော် ပြတ်ရွေ့၊ ပြင်ဦးလွင်အနီးမှစတင်ပြီး တောင် ကြီးမြို့အနီး တောင်မြောက်တန်းလျက်တည် ရှိသည့် ကျောက်ကြမ်းပြတ်ရွေ့၊ ရှမ်းပြည်နယ် မြောက်ပိုင်း အရှေ့-အနောက်တန်းလျက် တည်ရှိနေသည့် မိုးမိတ်ပြတ်ရွေ့များသည် ငလျင်ကြောကြီးများဖြစ်သည်။ ငလျင်ပြတ် ရွေ့အသေး ၄၀ ခန့်ရှိသောကြောင့် ငလျင် ဒဏ်အား အချိန်မရွေးခံစားနိုင်သည်။ ကမ္ဘာ ပေါ်၌ မြန်မာနိုင်ငံသည် မြေငလျင်အန္တရာယ် အကြီးမားဆုံးနိုင်ငံများစာရင်းတွင်  ပါဝင်နေ ပြီး ပမာဏကြီးမားသည့် အဓိကမြေငလျင် ကြောကြီး ငါးခုရှိသည်။ ထို့ပြင် မကြာခဏ လှုပ်ရှားနေသည့် ပြတ်ရွေ့ကြောများစွာရှိ နေကြောင်း မြန်မာနိုင်ငံမြေငလျင် ကော်မတီမှ သိရသည်။

 

 

Most Read

Most Recent