၂၀၁၈ ခုနှစ်အတွက် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဝင်ရောက်သည့် နှစ်သန်းပြည့် ခရီးသည်အား ကြိုဆိုဂုဏ်ပြု၍ အမှတ်တရလက်ဆောင်ပေးအပ်

၂၀၁၈ ခုနှစ်အတွက် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဝင်ရောက်သည့် နှစ်သန်းပြည့် ခရီးသည်အား ကြိုဆိုဂုဏ်ပြု၍ အမှတ်တရလက်ဆောင်ပေးအပ်
Published 21 April 2018

၂၀၁၈ ခုနှစ်အတွက် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် နှစ်သန်းမြောက် ခရီးသည်အား အမှတ်တရ လက်ဆောင်များ ပေးအပ်စဉ်

၂၀၁၈ ခုနှစ်အတွက် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဝင်ရောက်သည့် နှစ်သန်းပြည့် ခရီးသည်အား ကြိုဆိုဂုဏ်ပြု၍ အမှတ်တရလက်ဆောင် ပေးအပ်သည့် အခမ်းအနားကို ဧပြီ ၂၀ ရက်က ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

၂၀၁၈ ခုနှစ် ဧပြီ ၂၀ ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိလာသည့် Air KBZ လေကြောင်းလိုင်း၏ သံတွဲ-ရန်ကုန် ခရီးစဉ်တွင် လိုက်ပါလာသည့် မနန်းအေးအေးအောင်အား ကံထူးရှင်အဖြစ် ရွေးချယ်ခဲ့ပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ နှစ်သန်းပြည့် ခရီးသည်ဖြစ်သည့် မနန်းအေးအေးအောင်အား မြန်မာကျပ်ငွေ ၁၀ သိန်းနှင့် အခြားလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။

“အစ်မက တောင်ကြီးဇာတိပါ။ သံတွဲကို အလည်သွားပြီး ပြန်လာတာပါ။ အခု ရန်ကုန်ပြန်လာတော့ လေယာဉ်ပေါ်မှာ နှစ်သန်းမြောက်ခရီးသည် ရွေးချယ်ပေးမယ်လို့ ကြေညာတာ ကြားရပေမယ့် အခုလိုမျိုး  ရွေးချယ်ခံရမယ်လို့ လုံးဝမမျှော်လင့်ထားဘူး။ မနေ့က အစ်မ မွေးနေ့ဖြစ်လို့ ဒီနေ့ အခုလို နှစ်သန်းမြောက် ခရီးသည်အဖြစ် ရွေးချယ်ခံရတာ မွေးနေ့လက်ဆောင်ရတယ်လို့ ခံစားမိပြီး အရမ်းဝမ်းသာပါတယ်။ ရရှိတဲ့ ဆုကြေးတွေထဲကလည်း အလှူအတန်းတွေ ပြုလုပ်သွားမှာပါ” ဟု နှစ်သန်းမြောက် ခရီးသည်အဖြစ် ရွေးချယ်ခံရသည့် မနန်းအေးအေးအောင်က The Daily Eleven သတင်းစာသို့ ပြောကြားသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် အနေဖြင့် ၂၀၁၈ ခုနှစ်၏ ပထမဆုံးသော တစ်သန်းမြောက် ခရီးသည်အဖြစ် ၂၀၁၈ ခု နှစ် ဖေဖော်ဝါရီ ၂၆ ရက်က Emirates လေကြောင်းလိုင်းဖြင့် ရန်ကုန်မြို့သို့ လိုက်ပါလာသည့် မလွင်မာမြင့်က ရွေးချယ်ခံခဲ့ရသည်။

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သည် ခရီး သည် ၅ ဒသမ ၉၂ သန်းကို ဝန်ဆောင်မှု ပေးနိုင်ခဲ့ကြောင်း သိရသည်။ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ပြည်ပသို့ ထွက်ခွာသည့် ခရီးသည် တစ်ဦးလျှင် အမေရိကန် ဒေါ်လာ ၂၀ နှင့် ပြည်တွင်းခရီးစဉ် ထွက်ခွာသည့် ခရီးသည်တစ်ဦးလျှင် မြန်မာကျပ်ငွေ ၃၀၀၀ အား Airport Tex အနေဖြင့် ကောက်ခံလျက်ရှိကြောင်း သိရသည်။

 

Most Read

Most Recent