w စစ်ကိုင်း (အင်းဝ) တံတားပေါ်မှ ၂၁ နှစ်အရွယ် အမျိုးသမီးတစ်ဦး ဧရာဝတီမြစ်အတွင်း ခုန်ချရာတွင် အသက်ရှင်လျက် ကယ်ဆယ်ရရှိ - Eleven Media Group <

စစ်ကိုင်း (အင်းဝ) တံတားပေါ်မှ ၂၁ နှစ်အရွယ် အမျိုးသမီးတစ်ဦး ဧရာဝတီမြစ်အတွင်း ခုန်ချရာတွင် အသက်ရှင်လျက် ကယ်ဆယ်ရရှိ

စစ်ကိုင်း (အင်းဝ) တံတားပေါ်မှ အသက်၂၁ နှစ်အရွယ် အမျိုးသမီးတစ်ဦး ဧပြီ ၂၀ ရက် မွန်းလွဲပိုင်းက ဧရာဝတီမြစ်အတွင်း ခုန်ချမှုဖြစ်ပွားခဲ့ကြောင်း စစ်ကိုင်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ဧပြီ ၂၀ ရက် မွန်းလွဲ ၁ နာရီ ၄၅ မိနစ်ခန့် တွင် အင်းဝတံတား ခုနစ်ကုန်းမြောက် (စစ်ကိုင်းဘက်မှ မန္တလေးသို့ လေးကုန်းမြောက်) တွင် အမျိုးသမီးတစ်ဦး ဧရာဝတီမြစ်အတွင်း ခုန်ချသွားကြောင်း သတင်းအရ တံတားရဲ တာဝန်မှူးနှင့်အဖွဲ့ သွားရောက်စစ်ဆေးရာ လေးကုန်းမြောက် အလယ်နေရာ လမ်းဘေးတွင် ဆိုင်ကလုံး ၄၄ ယ/… နှင့် ဖိနပ်တစ်ရန်၊ ဖုန်းတစ်လုံး တွေ့ရှိခဲ့ပြီး ဖုန်းအား ဆက်လက်စစ်ဆေးရာ Message အတွင်း 09….. သို့ “အမေ သမီးကိုခွင့်လွှတ်ပါ။ ဆိုင်ကယ်ကို စစ်ကိုင်းတံတား အဟောင်းပေါ် ထားခဲ့တယ်။ အမြန်လာယူပါ။ သမီးဒီလောကကြီးမှာ မနေချင်တော့ဘူး။ ခွင့်လွှတ်ပါ” ဟူ၍ ရေးသားပေးပို့ထားကြောင်း တွေ့ရှိခဲ့ကြောင်း ရဲမှုခင်းမှတ်တမ်းအရ သိရသည်။

ဧရာဝတီမြစ်အတွင်း ခုန်ချသွားသည့် အမျိုးသမီးအား ၎င်း၏မိသားစုမှ ရေငုပ်ကျွမ်းကျင်သူများဖြင့် အင်းဝတံတားအောက် ဧရာဝတီမြစ်အတွင်း ရှာဖွေခဲ့ကြောင်း မွန်းလွဲ ၂ နာရီခန့်တွင် စစ်ကိုင်းမြို့ ဧမြ၀တီရပ်ကွက်နေ တံငါသည် ဦးသိန်းဇော်က ငါးရှာပြန်လာစဉ် ဒုဋ္ဌ၀တီမြစ်ဝတွင် အဆိုပါ အမျိုးသမီးအား တွေ့ရှိ၍ ကယ်ဆယ်ခဲ့သဖြင့် အသက်ရှင်လျက် ပြန်လည်တွေ့ရှိခဲ့ကာ ရွှေကြက်ယက် သံဝေဂဥာဏ လူမှုကူညီရေးယာဉ်ဖြင့် မန္တလေးဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတံတား (အင်းဝ) ပေါ်မှ ခုန်ချသော အမျိုးသမီးမှာ အမရပူရမြို့နယ်၊ ရွှေကြက်ယက်၊ ရွှေလေးရွာနေ မ— (၂၁ နှစ်) ဖြစ်ကြောင်း ရဲမှုခင်းမှတ်တမ်းအရ သိရှိရသည်။

 

April 20, 2018














Copy Protected by Chetan's WP-Copyprotect.