ရှမ်းပြည်တောင်ပိုင်း လွိုင်လင်မြို့တွင် သမိုင်းမွှေးရနံ့ ရှမ်းဇာတ်သဘင်အဖွဲ့ ယာဉ် တိမ်းမှောက်မှှုဖြစ်ပွားပြီး ၁၈ ဦးဒဏ်ရာရ

ရှမ်းပြည်တောင်ပိုင်း လွိုင်လင်မြို့တွင် သမိုင်းမွှေးရနံ့ ရှမ်းဇာတ်သဘင်အဖွဲ့ ယာဉ် တိမ်းမှောက်မှှုဖြစ်ပွားပြီး ၁၈ ဦးဒဏ်ရာရ
Published 20 April 2018

ရှမ်းပြည်တောင်ပိုင်း လွိုင်လင်မြို့ အမှတ် (၁) ရပ်ကွက် ပြည်ထောင်စုလမ်းမကြီး မိုင်တိုင်အမှတ် ၁၇၃/၁--၁၇၃/၂ အကြား မြကန်သာရေကန် အနီးတွင် ဧပြီ ၁၉ ရက် ညနေ ၄ နာရီဝန်းကျင်က သမိုင်းမွှေးရနံ့ ရှမ်းဇာတ်သဘင်အဖွဲ့ ယာဉ်တိမ်းမှောက်မှှု ဖြစ်ပွားခဲ့ပြီး ၁၈ ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ သမိုင်းမွှေးရနံ့ ရှမ်းဇာတ်သဘင်အဖွဲ့ ယာဉ်သည် လမ်းကွေးအဆင်းတွင် အရှိန်မထိန်းနိုင်ပဲ လမ်းဝဲဘက်သို့ တိမ်းမှောက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ယဉ်ပေါ်တွင် စီးနင်းလိုက်ပါလာသည့် ဇာတ်အဖွဲ့ဝင် အမျိုးသား ၁၆ ဦး၊ အမျိုးသမီး ၂ ဦး စုစုပေါင်း ၁၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ စိုးရိမ်ရသည့် အရေးကြီးလူနာ ခုနစ်ဦးကို တောင်ကြီးစပ်စံထွန်း ဆေးရုံသို့ ပိုဆောင်ကာ ဆေးကုသမှု ခံယူလျက်ရှိကြောင်း၊ လူမှုအဖွဲ့အစည်း အသီးသီးနှင့် ရှမ်းပြည်နယ် သဘင်အစည်းအရုံးမှ တာဝန်ရှိသူများ ရောက်ရှိကူညီပေးလျက်ရှိကြောင်း သိရသည်။

"အခုလက်ရှိ ဗဟိုနဲ့ မန္တလေးက သဘင်လူကူ အဖွဲ့တွေ လိုအပ်တာတွေ ကူညီပေးနိုင်ဖို့ သွားနေပါပြီ။ ယဉ်တိမ်းမှောက်တဲ့ ဇာတ်အဖွဲ့က သဘင်အစည်းအရုံးဝင် မဟုတ်ပေမယ့် သဘင်အစည်းအရုံး အနေနဲ့ ပြည်ထောင်စုစိတ်ဓာတ်နဲ့အတူ ဘဝတူ တိုင်းရင်းသား အနုပညာရှင်များအတွက် အမြန်ဆုံး လိုအပ်တဲ့ အကူအညီများ ပေးနိုင်ဖို့ ဆောင်ရွက်နေပါတယ်" အတွင်းရေးမှုး ဦးနေဝင်းက ပြောကြားသည်။

ပြီးခဲ့သည့် ဧပြီ ၂ ရက်တွင်လည်း ရခိုင်ပြည်နယ် ဂွမြို့အနီး၌ အောင်ဆန်းပွင့် ဇာတ်သဘင်အဖွဲ့ ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားခဲ့ပြီး ၇ ဦး သေဆုံးခဲ့ကာ ၂၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်းနှင့် မတ် ၉ ရက်ကလည်း ရှမ်းပြည်နယ်မြောက်ပိုင်း ရပ်စောက်မြို့နယ် ဒုဋ္ဌဝတီမြစ် အရှေ့ဘက်တွင် မန္တလေးမြို့မှ ဇာတ်အဖွဲ့ တစ်ခုဖြစ်သည့် မင်းမင်းဦး အလှသစ်ဇာတ်အဖွဲ့ ယာဉ်မှာ တိမ်းမှောက်မှုဖြစ်ခဲ့ပြီး သေဆုံးသူ ၈ ဦးနှင့် ဒဏ်ရာရသူ ၁၆ ဦးထိရှိခဲ့ကြောင်း သိရသည်။

Most Read

Most Recent