မူဆယ်မြို့ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် အသံမိုင်းတစ်လုံး ပေါက်ကွဲမှုဖြစ်ပွားပြီး လူထိခိုက်မှုမရှိ

မူဆယ်မြို့ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် အသံမိုင်းတစ်လုံး ပေါက်ကွဲမှုဖြစ်ပွားပြီး လူထိခိုက်မှုမရှိ
Published 20 April 2018

ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်မြို့ရှိ ပြည်ထောင်စုလမ်းကြီးပေါ်တွင် ဧပြီ ၁၉ ရက် ည ၉နာရီ ၂၇ မိနစ်က အသံမိုင်းတစ်လုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

“ပေါက်ကွဲမှုက အသံမိုင်းဖြစ်ပါတယ် ခင်ဗျ။ စခန်းမှူးတို့ သွားကြည့်နေပါတယ်။ နေရာကတော့ အင်းဝဘဏ်အရှေ့ဘက်နားလို့ ပြောသံကြားပါတယ်။ အင်းဝဘဏ် မျက်နှာချင်းဆိုင်ပေါ့။ လူအထိအခိုက်တော့မရှိပါဘူး” ဟု မူဆယ်မြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အသံမိုင်းပေါက်ကွဲမှုမှာ မူဆယ်မြို့ တောင်ရပ်ကွက်နှင့် ဈေးရပ်ကွက်ကြား ပြည်ထောင်စုလမ်းမကြီးပေါ်၊ အင်းဝဘဏ်၏ လမ်းတစ်ဖက်ခြမ်းနှင့် ပြည်သူ့ဆေးရုံအောက်ဘက်၊ ရွှေသမင်ဘုန်းကြီးကျောင်းအနီးရှိ အမှိုက်ပုံတွင် ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုဖြစ်ပွားချိန်တွင် လူအသွားအလာနည်းပါးနေသဖြင့် ထိခိုက်ဒဏ်ရာရခြင်းမရှိခဲ့ကြောင်း သိရသည်။

“ပေါက်ကွဲတဲ့အချိန်က မိုးလည်းချုပ်နေပြီဆိုတော့ လမ်းမှာလူအသွားအလာနည်းနေတဲ့ အချိန်လည်းဖြစ်တယ်။ အသံကတော့ ဘေးပတ်ဝန်းကျင်ကနေ တော်တော်ကျယ်ကျယ်ကို ကြားရတယ်။ ပေါက်ကွဲမှုကြောင့် အမှိုက်တွေ လွင့်သွားတယ်” ဟု ဒေသခံတစ်ဦးက ပြောကြားသည်။

၂၀၁၅ ခုနှစ် သြဂုတ် ၂၄ ရက် ည ၁၀ နာရီခန့်တွင် မူဆယ်မြို့ အင်းဝဘဏ်ရှေ့တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ဖူးပြီး ပေါက်ကွဲမှုကြောင့် ဘဏ်ရှေ့မျက်နှာစာရှိ မှန်များကွဲခဲ့ဖူးကြောင်း သိရသည်။

 

Most Read

Most Recent