ထားဝယ်မြို့၌ ဖြစ်ပွားခဲ့သည့် ရဲတပ်ဖွဲ့ဝင်များက လူမှားရိုက်နှက်မှုဖြစ်စဉ်အပေါ် ခုံရုံးဖွဲ့စစ်ဆေးရန် ညွှန်ကြားထားပြီး ရဲတပ်ဖွဲ့ဌာနချုပ်မှ ဆုံးဖြတ်သည့်အတိုင်း အရေးယူမည်

ထားဝယ်မြို့၌ ဖြစ်ပွားခဲ့သည့် ရဲတပ်ဖွဲ့ဝင်များက လူမှားရိုက်နှက်မှုဖြစ်စဉ်အပေါ် ခုံရုံးဖွဲ့စစ်ဆေးရန် ညွှန်ကြားထားပြီး ရဲတပ်ဖွဲ့ဌာနချုပ်မှ ဆုံးဖြတ်သည့်အတိုင်း အရေးယူမည်
Published 20 April 2018

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့၌ ဧပြီ ၁၅ ရက် (သြင်္ကန်အကြတ်နေ့) က ဖြစ်ပွားခဲ့သည့် ရဲတပ်ဖွဲ့ဝင်များက လူမှားရိုက်နှက်ခဲ့မှုဖြစ်စဉ်အပေါ် ခုံရုံးဖွဲ့စစ်ဆေးရန် ညွှန်ကြားထားပြီး ရဲတပ်ဖွဲ့ဌာနချုပ်မှ ဆုံးဖြတ်သည့်အတိုင်း အရေးယူမည်ဟု သိရသည်။

သြင်္ကန်အကြတ်နေ့ ညနေပိုင်းက ဖြစ်ပွားခဲ့သည့် ရဲတပ်ဖွဲ့ဝင်များက လူမှား၍ရိုက်နှက်မှု ဖြစ်ပွားခဲ့သည့်ဖြစ်စဉ်အပေါ် ထားဝယ်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးဌေးဝင်းဦးဆောင်သည့် အဖွဲ့ဝင်သုံးဦးပါဝင်သော စုံစမ်းစစ်ဆေးရေးခုံရုံးအဖွဲ့ကို ၎င်းဖြစ်စဉ်ဖြစ်ပွားပြီး နောက်တစ်နေ့ဖြစ်သည့် ဧပြီ ၁၆ ရက်တွင် စတင်ဖွဲ့စည်းကာ ဖြစ်စဉ်၌ပါဝင်ခဲ့သူများကို စစ်ဆေးခဲ့ကြောင်း၊ ထိုသို့ခုံရုံးဖွဲ့စစ်ဆေးခြင်းကို တစ်ပတ်အတွင်းပြီးစီးအောင် ဆောင်ရွက်ရန် ညွှန်ကြားထားပြီး စစ်ဆေးတွေ့ရှိချက်များအပေါ် သုံးသပ်ချက်များနှင့်တကွ ပြန်လည်၍ သက်သေခံအကျဉ်းချုပ်ရေးသားကာ နေပြည်တော်ရှိ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်ထံ တင်ပြသွားမည်ဖြစ်ပြီး ဌာနချုပ်မှဆုံးဖြတ်သည့် အပေါ်မူတည်၍ အရေးယူဆောင်ရွက်သွားမည်ဟု ရဲမှူးကြီးနေမျိုးက ပြောကြားသည်။

“အရိုက်ခံရတဲ့ ကလေးတွေကို ငါတို့က ရဲမှူးဌေးဝင်းကို စုံခုံ (စုံစမ်းစစ်ဆေးရေးခုံရုံး) ဥက္ကဋ္ဌထားပြီးတော့ စစ်ခိုင်းထားတယ်။ ၁၆ ရက်နေ့ (သြင်္ကန်အတက်နေ့) က စပြီး စစ်နေတာပေါ့။ ကာယကံရှင် ကလေးတွေကိုတော့ အကုန်စစ်ပြီးသွားပြီ။ သူတို့ကိုစစ်ပြီးတော့မှ ဒီဘက်ကပါဝင်ပတ်သက်တဲ့ရဲတွေကို ဆက်စစ်မှာ။ စစ်တော့ လောလောဆယ်ပြီးတော့မယ်။ ဒီတစ်ပတ်အတွင်း အပြီးလုပ်ခိုင်းထားတယ်။ ပြီးရင် ဒီအပေါ်မှာသူ့ရဲ့ သုံးသပ်ချက်နဲ့ သူတင်ပြမှာပေါ့။ ဘယ်သူကတော့ ဘယ်လိုလုပ်တယ်။ အဲဒီလုပ်တဲ့ဟာတွေပေါ့။ အဓိကတော့ အရာရှိကတာဝန်ရှိတာပေါ့။ ခေါင်းဆောင်က စဉ်းစားရမှာပေါ့နော်။ လူမှားရိုက်စရာလည်းမလိုဘူး။ တကယ်တမ်းကျတော့ ရှင်းရှင်းပြောရင် ဒီဟာဖြစ်တဲ့အပေါ်မှာ အေးအေးဆေးဆေး ထိန်းလုပ်ပေးရမှာပေါ့။ အရာရှိက။ ဒါကို ဒေါသအလျောက်သွားတဲ့အခါကျတော့ လွဲချော်သွားတဲ့အခါ မမှားသင့်တာ မှားသွားတယ်။ ရှင်းရှင်းပြောရင်သူတို့ကလည်း တမင်ရည်ရွယ်ပြီး လုပ်တာတော့မဟုတ်ဘူးပေါ့။ ဒါပေမဲ့ ရဲမေလေးကို စော်ကားတယ်ဆိုပြီးတော့စိတ်လေးဝင်သွားတဲ့အခါမှာ ဒေါသအလျောက်ဖြစ်သွားတယ်။ အဲဒီအခါကျတော့ သွားဖမ်းတဲ့အဆင့်မဟုတ်ဘဲ ရိုက်တဲ့အဆင့် ဖြစ်သွားတာပေါ့။ သိသိချင်း ဒီဖြစ်စဉ်အပေါ် ငါတို့က အကုန်တောင်းပန်တယ်။ ငါတို့တရားဝင်ဖွဲ့ပေးထားတဲ့ အဖွဲ့နဲ့စစ်တယ်။ အရိုက်ခံရတဲ့သူတွေ စစ်ပြီးရင် သုံးသပ်ချက်နဲ့တကွ ဘယ်သူ့ကိုတော့ ဘယ်လိုအရေးယူသင့်တယ်ဆိုတာ ငါတို့ကတော့ရေးမှာပေါ့။ ဖြစ်စဉ်မှာ အချို့က အကုန်လိုက်ပေမယ့်လည်း ပါချင်မှပါမှာပေါ့။ ရိုက်တဲ့လူဟုတ်ချင်မှလည်း ဟုတ်မှာပေါ့။ အဲဒီအပေါ်မူတည်ပြီး အရာရှိဆိုလည်း အရာရှိအပိုင်း၊ အခြားအဆင့်ဆိုလည်း အခြားအဆင့်ပေါ့။ အပေါ်တင်လိုက်ရင် ဒီလူဒီလူတွေကိုတော့ အရေးယူမယ်လို့ အပေါ်ကအတည်ပြုတယ်ဆိုရင် အရေးယူမှာပေါ့” ဟု တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲမှူးကြီးနေမျိုးက ပြောကြားသည်။

ထားဝယ်မြို့ ဥဿရံရပ်ကွက်ရှိ ကမြောကင်းလမ်းမပေါ်၌ သြင်္ကန်အကြတ်နေ့က ဖြစ်ပွားခဲ့သည့် ရဲမေတစ်ဦးအား ရေလောင်း၍ အင်္ကျီဆွဲချွတ်သည်ဟုဆိုကာ ထားဝယ်မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက လာရောက်ရိုက်နှက် ဖမ်းဆီးခဲ့ပြီးနောက် အာမခံဖြင့်ပြန်လည်လွှတ်ပေးထားသည့် လူငယ်ခုနစ်ဦးကို ထားဝယ်မြို့မရဲစခန်း၌ ကာယိန္ဒြေပျက်ပြားစေမှုနှင့် တာဝန်ဝတ္တရားနှောင့်ယှက်မှုတို့ဖြင့် အမှုဖွင့်ထားကြောင်း၊ လက်ရှိ၌ ခုံရုံးဖွဲ့၍ စစ်ဆေးနေသည်မှာ ၎င်းရဲမေအား ရေလောင်း၍ အင်္ကျီချွတ်ခဲ့သည်ဟုဆိုသော အမှုမှ ရဲတပ်ဖွဲ့ဝင်များက လူမှား၍ရိုက်နှက်ခဲ့သည့်ဖြစ်စဉ်အတွက် ရိုက်နှက်ခံရသူများနှင့်ပါဝင်သည့် ရဲတပ်ဖွဲ့ဝင်များကိုသာ စစ်ဆေးနေခြင်းဖြစ်ပြီး အမှုနှစ်ခုမှာ မတူညီကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေမှုနှင့် အရေးယူမှုများ စောင့်ကြည့်သွားမည်ဖြစ်ပြီး အရေးယူသည့်အပေါ် မကျေနပ်ပါက တရားစွဲဆိုသွားရန် စီစဉ်ထားကြောင်း၊ ရဲတပ်ဖွဲ့ဝင်များ၏ မှားယွင်းရိုက်နှက်မှုကို ခံရသောလူငယ်များ၏ မိသားစုဝင်များထံ ရဲတပ်ဖွဲ့ဘက်မှ နေအိမ်သို့ လာရောက်တောင်းပန်မည်ဖြစ်ကြောင်း စကားကမ်းလှမ်းသော်လည်း လက်မခံခဲ့ဘဲ ဖြစ်စဉ်နှင့်ပတ်သက်၍ မြို့မိမြို့ဖနှင့် မီဒီယာများရှေ့တွင် အရေးယူဆောင်ရွက်နေမှုကို ပွင့်လင်းမြင်သာစွာ ချပြပေးရန်နှင့် ထိုအချိန်တွင် တာဝန်ရှိသူများက တောင်းပန်ရန်လိုလားသည်ဟု မှားယွင်းရိုက်နှက်ခံရသော လူငယ်တစ်ဦး၏ မိသားစုဝင်ဖြစ်သူ ဦးအောင်မျိုးက ပြောကြားသည်။

Most Read

Most Recent