တနိုင်းဒေသတွင် တိုက်ပွဲများကြောင့် ရှောင်တိမ်းနေသူ အောင်လောဒ်ရွာသားများ ပြန်လာရေး တပ်မတော်က တနိုင်းမြို့တွင်း လှည့်လည်ကြေညာ

တနိုင်းဒေသတွင် တိုက်ပွဲများကြောင့် ရှောင်တိမ်းနေသူ အောင်လောဒ်ရွာသားများ ပြန်လာရေး တပ်မတော်က တနိုင်းမြို့တွင်း လှည့်လည်ကြေညာ
Published 20 April 2018

တနိုင်းဒေသတွင် တိုက်ပွဲများကြောင့် ရှောင်တိမ်းနေသူ အောင်လောဒ်ရွာသားများ ပြန်လာရေး တပ်မတော်က တနိုင်းမြို့တွင်းသို့ ဧပြီ ၁၈ ရက်က လှည့်လည်ကြေညာခဲ့သည်။

ဧပြီ ၁၉ ရက်အထိ နောက်ဆုံးရသတင်းများအရ တိမ်းရှောင်နေသည့် ကျေးရွာသူရွာသား အများစုမှာ ကေအိုင်အေတပ်မဟာ (၂) အနီးရှိ အောင်လောဒ်ကျေးရွာသို့ ပြန်လာခြင်း မရှိသေးကြောင်း သိရသည်။

တနိုင်းမြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက “အခုပြေးတာက တပ်မဟာ (၂) အခြေစိုက်တဲ့ရွာတွေပေါ့။ မနေ့က တပ်မတော်က ကြေညာတယ်။ ကေအိုင်အေ အကြမ်းဖက်သောင်းကျန်းသူများနဲ့ ဆက်နွှယ်ပတ်သက်မှု မရှိသူများ ပြန်လာဖို့ပေါ့။ မနေ့ကတော့ အုပ်ချုပ်ရေး၊ ရပ်မိရပ်ဖ၊ ဘာသာရေးဆရာတွေနဲ့ ညှိနေကြတယ်။ တနိုင်းမြို့ပေါ်မှာလည်း RC (ရိုမန်ကစ်သလစ်အသင်းတော်)က လူတွေ အရင်တိုက်ပွဲမဖြစ်ခင်ကတည်းက ရောက်နေကြတာ ရှိနေတယ်” ဟု ပြောကြားသည်။

ဧပြီ ၁၈ ရက်တွင် တပ်မတော်ယာဉ်ဖြင့် တနိုင်းမြို့တွင်း ကြေညာရာတွင် “ရွာ၏အနေအထားကိုလည်း ကေအိုင်အေ အကြမ်းဖက် သောင်းကျန်သူများ ဆုတ်ခွာချိန် နေအိမ်အချို့အား မီးရှို့ဖျက်ဆီးခဲ့ခြင်းမှအပ ပျက်စီးဆုံးရှုံးမှုမရှိစေရန် တပ်မတော်က ထိန်းသိမ်းထားပါသည်။ လက်ရှိ အောင်လောဒ်ကျေးရွာအား ကေအိုင်အေသောင်းကျန်းသူများက ဖျက်ဆီးခဲ့ခြင်းမှအပ ရွာသူရွာသားများ ထားရှိခဲ့သည့် ပကတိအခြေအနေအတိုင်း တပ်မတော်က ထိန်းသိမ်းထားရှိသည့် အခြေအနေများကို တနိုင်းမြို့နယ် အုပ်ချုပ်ရေးအဖွဲ့များ၊ ဘာသာရေးအသင်း အဖွဲ့များနှင့် မြို့မိမြိုဖဖြင့် ဖွဲ့စည်း၍ သွားရောက် ကြည့်ရှုနေပြီ ဖြစ်ပါသည်။

ယခုအချိန်တွင် အောင်လောဒ်ကျေးရွာရှိ ကေအိုင်အေ အကြမ်းဖက်သောင်းကျန်းသူများကို ဖယ်ရှားရှင်းလင်းပြီး ဖြစ်သဖြင့် အကြောင်း အမျိုးမျိုးကြောင့် ထွက်ပြေးတိမ်းရှောင်လျက်ရှိသည့် ကေအိုင်အေနှင့် ဆက်စပ် ပတ်သက်မှုမရှိသော အပြစ်မဲ့ ရွာသူရွာသားများအား မိမိတို့အိမ်သို့ ပြန်လည်ဝင်ရောက် နေထိုင်နိုင်ရေးအတွက် တပ်မတော်နှင့် တနိုင်းမြို့နယ် အုပ်ချုပ်ရေးအဖွဲ့များ၊ ဘာသာရေး အသင်းအဖွဲ့များ၊ ရပ်မိရပ်ဖများက ကူညီ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။ တနိုင်းမြို့တွင် အောင်လောဒ်ကျေးရွာမှ ရောက်ရှိနေသူများရှိပါက သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးထံ သွားရောက်သတင်းပို့ရန်နှင့် ၎င်းတို့ကို လက်ခံရရှိသော အိမ်ရှင်များကလည်း အောင်လောဒ် ရွာသူရွာသားများအား ၎င်းတို့ကျေးရွာတွင် ပြန်လည်နေထိုင်ရေးအတွက် အတူတကွ ပို့ဆောင်သတင်းပို့ကြရန် လိုအပ်ပါသည်။ သောင်းကျန်းသူများနှင့် ဆက်နွှယ်ပတ်သက် မရှိဘဲ ရိုးသားစွာ နေထိုင်ကြသည့် ရွာသူရွာသားများ အနေဖြင့် စိုးရိမ်ကြောင့်ကြမှုမရှိဘဲ မိမိတို့နေအိမ်များတွင် ပြန်လည်နေထိုင်နိုင်ပြီဖြစ်ပြီး မိမိတို့နေအိမ်များအား သောင်းကျန်းသူများ ဖျက်ဆီးခဲ့မှုကြောင့် ပျက်စီးခြင်းမှအပ ရွာသူရွာသားများ ထားရှိခဲ့သည့် မူလအခြေအနေအတိုင်း တပ်မတော်မှ ပြန်လည်အပ်နှံပေးသွားမည် ဖြစ်ပါသည်။ တိုက်ပွဲများကို အကြောင်းပြု၍တနိုင်းမြို့တွင် တိုက်ပွဲရှောင် စခန်းများ ဖွင့်လှစ်ထားရှိမည် မဟုတ်သဖြင့် ဒေသခံ ရွာသူရွာသားများအနေဖြင့် မိမိတို့ မူလအောင်လောဒ်ကျေးရွာတွင် ပြန်လည် နေထိုင်သွားကြရန် ဖြစ်ပါသည်။ တပ်မတော်နှင့် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များအနေဖြင့် အောင်လောဒ်ကျေးရွာတွင် အမှန်တကယ် နေထိုင်ခဲ့သည့် ဒေသခံ ရွာသူရွာသားများကို ပြန်လည်နေထိုင်နိုင်ရေး၊ လိုအပ်သည့် ကိစ္စရပ်များအား အပြည့်အ၀ ကူညီဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း အသိပေး ကြေညာအပ်ပါသည်” ဟု ကြေညာခဲ့သည်။

Most Read

Most Recent