ဟင်္သာတခရိုင်၌ လေပြင်းတိုက်ခတ်မှုကြောင့် နှစ်ရက်အတွင်း နေအိမ်ပေါင်း ၂၄၀၀ ခန့် ထိခိုက်ပျက်စီး

ဟင်္သာတခရိုင်၌ လေပြင်းတိုက်ခတ်မှုကြောင့် နှစ်ရက်အတွင်း နေအိမ်ပေါင်း ၂၄၀၀ ခန့် ထိခိုက်ပျက်စီး
Published 20 April 2018

ဟင်္သာတမြို့နယ် ပဲကြီးကျွန်းကျေးရွာအုပ်စုရှိ နေအိမ်အချို့ လေဘေးသင့်မှု အခြေအနေကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်ကျော်မျိုး (ဟင်္သာတ))

လေပြင်းတိုက်ခတ်မှုကြောင့် ဟင်္သာတခရိုင်၌ နေအိမ်ပေါင်း ၂၄၀၀ ခန့် ထိခိုက်ပျက်စီးခဲ့ကြောင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဧပြီ ၁၉ ရက် ညနေပိုင်းအထိ ရရှိသည့် စာရင်းများအရ သိရသည်။

အဆိုပါ လေပြင်းတိုက်ခတ်မှုမှာ ဧပြီ ၁၇ ရက်နှင့် ၁၈ ရက်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကျေးရွာများရှိ လူနေအိမ်များ ပြိုကျခြင်း၊ အမိုးလန် ပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

“မနေ့က ညနေ ၅ နာရီလောက်မှာ လေပြင်းတိုက်တယ်။ ဖုန်လုံးကြီးတွေထတယ်။ ကျွန်တော်လည်း ရွာကုန်းပေါ်ရောက်နေတာနဲ့ ရေမချိုးဘဲ ပြန်ပြေးလာတာ။ အိမ်ရောက်တော့ တစ်ယောက်မှ မရှိကြတော့ဘူး။ ကလေးတွေနဲ့ ပြေးလွှားနေကြရတယ်။ အိမ်မှာထရံတွေလည်း မရှိတော့ဘူး။ သွပ်တွေလည်းကွာပြီး တိုင်တွေလည်း ယိုင်ရွဲ့ကုန်တယ်။ ဘေးအိမ်ကလည်း သွပ်တွေ လွင့်ထွက်ကုန်တယ်။ အဲဒါနဲ့ အိမ်ရှေ့အိမ်အောက်ထဲသွားပြီး ခိုနေရတယ်။ လေပြင်းပြီးတော့ မိုးကဆက်ရွာတယ်။ လောလောဆယ် နေစရာမရှိဘူး။ ကြံဖန်ပြီး အိမ်အောက်ထဲမှာပဲ နေနေရတယ်” ဟု ဟင်္သာတမြို့နယ် ပဲကြီးကျွန်းကျေးရွာအုပ်စု လက်ပံကုန်းအစုမှ ကိုသန့်ဇင်က ပြောကြားသည်။

လေဘေးကြောင့် ဟင်္သာတခရိုင်အတွင်းရှိ ဟင်္သာတ၊ ဇလွန်၊ လေးမျက်နှာ၊ အင်္ဂပူ၊ မြန်အောင်၊ ကြံခင်းမြို့နယ်စသည့် မြို့နယ်ခြောက်မြို့နယ်စလုံး၌ ထိခိုက်ပျက်စီးမှုအချို့ ရှိခဲ့ကြောင်း သိရသည်။

သစ်ကိုင်းကျိုးကျ၍ နေအိမ်ပျက်စီးခဲ့သည့် ဟင်္သာတမြို့နယ် ရေလယ်ကျွန်းကျေးရွာမှ ဒေါ်အုန်းက “လေနည်းနည်းတိုက်တုန်းကတော့ ကျွန်မတို့အိမ်ပေါ်မှာနေတယ်။ လေတအားကြီး ကြမ်းလာတော့ အောက်ကို ကလေးတွေနဲ့ ဆင်းပြေးတယ်။ ဆင်းလည်းပြေးရော သစ်ကိုင်းကျိုးကျတယ်။ ဆင်းပြေးလို့ မပြေးလို့ အိမ်ပေါ်မှာနေရင်လည်း အကုန်လုံးပိပြီး လူတွေပါ ဒုက္ခရောက်ကုန်မှာ။ အိမ်ကလည်း တစ်ခြမ်းလုံးပြိုသွားတယ်။ တိုင်တွေပါကျိုးကုန်တယ်” ဟု ပြောကြားသည်။

မြို့နယ်အသီးသီးရှိ ပြိုကျပျက်စီး၊ အမိုးလန်ပျက်စီး အိမ်ခြေများစာရင်းကို ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ရပ်ကျေးအုပ်ချုပ်ရေး အဖွဲ့များက ကွင်းဆင်းစိစစ်မှုများ လုပ်ဆောင်နေပြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက ထောက်ပံ့မှုများလည်း စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။

နွေကာလဖြစ်သည့် ဧပြီနှင့် မေလတွင် လေပြင်းများတိုက်ခြင်း၊ မိုးကြိုးပစ်ခြင်း စသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်လာနိုင်သည့်အတွက် အထူးဂရုပြုနေထိုင်ကြရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက သတိပေးချက် ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံအရပ်ရပ်တွင် နွေကာလဖြစ်သည့် ဧပြီနှင့်မေလတို့တွင် နေ့အပူချိန် တဖြည်းဖြည်း မြင့်တက်လာရာမှ အပူပျံတက် တိမ်များဖြစ်ထွန်း၍ မွန်းလွဲ၊ ညနေပိုင်းတို့တွင် မိုးတိမ်တောင်များဖြစ်ပေါ်နိုင်ပြီး အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာတစ်လျှောက်တွင် လေပြင်းများတိုက်ခတ်ခြင်း၊ လေပြင်းနှင့်အတူ ထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်းနှင့် နေရာကွက်ကျား မိုးထစ်ချုန်းရွာခြင်း စသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ကြောင်း၊ လေပြင်းတိုက်ခတ်စဉ် မြေပြင်ရေပြင်လေသည် တစ်နာရီလျှင် ၃၅ မိုင်မှ မိုင် ၄၀ အထိ တိုက်ခတ်နိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ခဲ့သည်။

လေပြင်းတိုက်ခတ်မှုကြောင့် ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပြည်ခရိုင် ပေါင်းတည်မြို့နယ်နှင့် သာယာဝတီခရိုင် နတ္တလင်းမြို့နယ်တို့တွင် အိမ်ခြေ ၆၀၀ ကျော် ပျက်စီးပြိုလဲခဲ့ပြီး အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ လေပြင်းတိုက်ခတ်မှုမှာ ဧပြီ ၁၆ ရက် ညနေ ၅ နာရီခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တိုက်ခတ်ချိန် ကြာမြင့်ခြင်းမရှိသော်လည်း တိုက်ခတ်နှုန်း ပြင်းထန်သောကြောင့် နေအိမ်များလဲပြိုခြင်း၊ အမိုးသွပ်များလန်ခြင်း၊ သစ်ပင်များ ကျိုးပြတ်ကျခြင်းတို့ ဖြစ်ပေါ်ခဲ့ကြောင်း ဒေသခံများက ဆိုသည်။

Most Read

Most Recent