ရခိုင်ပြည်နယ်၌ အကြမ်းဖက်မှုများ လုပ်ဆောင်ခဲ့သည့် ARSA အဖွဲ့ဝင်အဖြစ် သံသယရှိသူ ဘင်္ဂါလီအချို့အား ဘင်္ဂလားဒေ့ရှ်ဘက်က ဖမ်းဆီးရမိထားကြောင်း မလေးရှားအခြေစိုက် Benar News သတင်းဌာနက ဖော်ပြ

ရခိုင်ပြည်နယ်၌ အကြမ်းဖက်မှုများ လုပ်ဆောင်ခဲ့သည့် ARSA အဖွဲ့ဝင်အဖြစ် သံသယရှိသူ ဘင်္ဂါလီအချို့အား ဘင်္ဂလားဒေ့ရှ်ဘက်က ဖမ်းဆီးရမိထားကြောင်း မလေးရှားအခြေစိုက် Benar News သတင်းဌာနက ဖော်ပြ
Published 20 April 2018

ရခိုင်ပြည်နယ်၌ အကြမ်းဖက်မှုများ လုပ်ဆောင်ခဲ့သည့် ARSA အဖွဲ့ဝင်အဖြစ် သံသယရှိသော ဘင်္ဂါလီ (မူရင်းသတင်းတွင် ရိုဟင်ဂျာဟုသုံးနှုန်း) အချို့အား ဖမ်းဆီးရမိထားကြောင်း ဘင်္ဂလားဒေ့ရှ်အစိုးရ အကြီးအကဲတစ်ဦး၏ ပြောကြားချက်အား ကိုးကားကာ မလေးရှားအခြေစိုက် Benar News သတင်းဌာနက ဧပြီ ၁၉ ရက်တွင် ဖော်ပြခဲ့သည်။

Benar News သတင်းဌာန၏ ဖော်ပြချက်တွင် ဘင်္ဂလားဒေ့ရှ်အစိုးရ အကြီးအကဲ၏ အမည်အား ဖော်ပြထားခြင်းမရှိပေ။

ထို့ပြင် အဆိုပါ အစိုးရသတင်းအရင်းအမြစ်၏ ပြောကြားချက်တွင် ARSA အဖွဲ့ဝင်ဟု သံသယရှိသူ အရေအတွက် မည်မျှဖမ်းဆီး ထိန်းသိမ်းထားကြောင်း မပါဝင်သော်လည်း ဖမ်းဆီးရမိသူများသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့စ်ဘဇားမြို့တွင်ရှိသော ဒုက္ခသည်စခန်းများ၌ နေထိုင်နေကြသော ဘင်္ဂါလီ (မူရင်းတွင် ရိုဟင်ဂျာဟုသုံးနှုန်း) ဒုက္ခသည်များကြားတွင် ပုန်းအောင်းပြီး လှုပ်ရှားနေသောသူများဖြစ်ကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ အစိုးရအနေဖြင့် ARSA အဖွဲ့ဝင်များအား စဉ်ဆက်မပြတ် ရှာဖွေဖမ်းဆီးမှုနှင့် ပတ်သက်ပြီး တရားဝင် ကြေညာချက် ထုတ်ပြန်ထားမှုများ မရှိသော်လည်း ကော့စ်ဘဇားမြို့ရှိ အကြီးဆုံးဒုက္ခသည် စခန်းတစ်ခုမှ လူစုခေါင်းဆောင် ဘင်္ဂါလီတစ်ဦးက ဦးဆောင်ကာ ARSA အဖွဲ့ဝင် အကြမ်းဖက်သမားဖြစ်နိုင်ခြေရှိသော လူပေါင်း ၁၅ ဦးအား ဖမ်းဆီးခဲ့ပြီး ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့သို့ အပ်နှံခဲ့ကြောင်း Benar News သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။

ထို့အတူ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကူတူပါလောင်ဒုက္ခသည်စခန်းရှိ ဘင်္ဂါလီများကလည်း ဧပြီ ၉ ရက်တွင် စက်သေနတ်တစ်လက်၊ ကျည်ဆန်တောင့်များနှင့်အတူ အသက် ၂၆ နှစ်ရှိသော ARSA အကြမ်းဖက်သမား မိုဟာမက်ရှာဒက်အား ဖမ်းဆီးရာတွင် ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့အား ကူညီပေးခဲ့ကြောင်း၊ အဆိုပါ အကြမ်းဖက်သမားကို ဖမ်းဆီးရခြင်းမှာ ARSA အဖွဲ့က YouTube တွင် တင်ထားသော ဗီဒီယိုများတွင် ARSA အဖွဲ့ခေါင်းဆောင် အက်တူလာအဆူအမ်မာ ဂျန်နုနီ၏ဘေးတွင် ပါဝင်ခဲ့သောကြောင့် ဖြစ်ကြောင်းလည်း သတင်းတွင် ဖောြ်ပသည်။

ဘင်္ဂါလီဒုက္ခသည်စခန်းများတွင် ARSA အကြမ်းဖက်အဖွဲ့ လှုပ်ရှားမှုများ၊ အခြားဖမ်းဆီးမှုများနှင့် ပတ်သက်ပြီး ဘင်္ဂါလီဒုက္ခသည်များကိုယ်တိုင် အကြမ်းဖက်သမားများအား ဖမ်းဆီးပေးခဲ့သည်ဟု ပြောဆိုမှုများ ရှိသော်လည်း ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့ထံမှ အတည်ပြုချက်မရှိသကဲ့သို့ အချို့ဖမ်းဆီးမှုများမှာ မဟုတ်မှန်ကြောင်း ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့က ငြင်းဆိုမှုများရှိသည်ဟု Benar News သတင်းတွင် ဖော်ပြထားသည်။

Benar News သတင်းဌာန၏ ဖော်ပြချက်အရ ARSA အကြမ်းဖက်သမားများသည် ဘင်္ဂါလီဒုက္ခသည်စခန်းများအတွင်း လှုပ်ရှားမှုများရှိနေပြီး ဘာလူခါလီ ဒုက္ခသည်စခန်းတွင် ARSA အဖွဲ့ဝင်များဆုံး ရှိနေကြောင်း၊ ARSA အကြမ်းဖက်အဖွဲ့သည် လက်ရှိတွင် နှစ်ဖွဲ့ခွဲကာ လှုပ်ရှားနေပြီး တစ်ဖွဲ့က အက်တူလာ လက်အောက်တွင်ဖြစ်ပြီး ကျန်တစ်ဖွဲ့ကို ဘင်္ဂလားဒေ့်ရှ်နိုင်ငံ ကော့စ်ဘဇားမြို့ တက်ကနက်ခရိုင်ခွဲတွင် နေထိုင်သော အဗ္ဗဒူဟာကင် အမည်ရှိသူတစ်ဦးက ဦးဆောင်နေသည်ဟု အမည်မဖော်လိုသော ဘင်္ဂါလီဒုက္ခသည်တစ်ဦးက ပြောကြားခဲ့ကြောင်း သိရသည်။

ထို့ပြင် ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားသူများကို မြန်မာအစိုးရထံ လွှဲပြောင်းပေးခြင်း မလုပ်ခဲ့ကြောင်း၊ လုပ်ခဲ့ပါကလည်း အခြားဒုက္ခသည်များကြားထဲ၌ စိုးရိမ်ပူပန်မှုများ လွန်ကဲစွာ မြင့်တက်လာပြီး မြန်မာ-ဘင်္ဂလားဒေ့်ရှ် နှစ်နိုင်ငံကြား ဒုက္ခသည် ပြန်လည်လက်ခံမှု အစီအစဉ်များကို ထိခိုက်စေမည်ကို စိုးရိမ်ရသည်ဟု အမည်မဖော်လိုသော ဘင်္ဂလားဒေ့ရှ်အစိုးရ အာဏာပိုင်တစ်ဦးက ပြောကြားခဲ့ကြောင်း သတင်းဖော်ပြချက်တွင် ပါရှိသည်။

Most Read

Most Recent