<

မြန်မာနိုင်ငံ၌ မြန်မာ-နီပေါ ချစ်ကြည်ရေးအသင်း ဖွဲ့စည်းဆောင်ရွက်နိုင်ရန် အပါအ၀င် နှစ်နိုင်ငံချစ်ကြည်ရေးကိစ္စရပ်များ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ဂေါ်ရခါးဟိန္ဒူဓမ္မအဖွဲ့ချုပ်တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေး

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မြန်မာနိုင်ငံလုံးဆိုင်ရာ ဂေါ်ရခါးဟိန္ဒူဓမ္မအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးကာလာဒါရ် (ခ) ဦးမောင်ဝင်း ဦးဆောင်သည့်အဖွဲ့အား ဧပြီ ၁၉ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံခဲ့ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံတွင် မြန်မာ-နီပေါချစ်ကြည်ရေးအသင်း ဖွဲ့စည်းဆောင်ရွက်နိုင်မည့် အခြေအနေများ၊ နှစ်နိုင်ငံ ချစ်ကြည်ရေးနှင့် အပြန်အလှန် ကုန်သွယ်မှု၊ ခရီးသွားလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်မည့် အခြေအနေများ၊ မြန်မာနိုင်ငံအတွင်း မည်သူမဆို တရားဥပဒေနှင့်အညီ အေးချမ်းစွာ နေထိုင်နိုင်သည့် အခြေအနေများအား အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ တွေ့ဆုံမှု၌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်မတော်သမိုင်းတွင် ဂေါ်ရခါးလူမျိုးတပ်မတော်သားများသည် သစ္စာရှိစွာ၊ ရဲဝံ့စွန့်စားစွာ ထူးထူးခြားခြား တာဝန်ထမ်းဆောင်ကြသည့် အစဉ်အလာကောင်းရှိသူများဖြစ်ကြောင်း၊ စွမ်းရည်သတ္တိဆိုင်ရာ အမြင့်ဆုံးဘွဲ့တံဆိပ်ဖြစ်သော အောင်ဆန်းသူရိယဘွဲ့တံဆိပ်ချီးမြှင့်ခံရသူအထိ ပါဝင်ခဲ့ပြီး ယခုတိုင်စစ်မှုထမ်းဆဲအရာရှိ၊ စစ်သည်များစွာရှိနေသဖြင့် ဂုဏ်ယူပါကြောင်း၊ ဂေါ်ရခါးလူမျိုးများ၏ မူရင်းဒေသဖြစ်သော နီပေါဖက်ဒရေးရှင်းသမ္မတနိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် မိတ်ဆွေကောင်းနိုင်ငံများ ဖြစ်ကြကြောင်း၊ နီပေါနိုင်ငံသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေဖြင့် ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလအတွင်းက ချစ်ကြည်ရေးခရီးစဉ် သွားရောက်ခဲ့ပြီး နှစ်နိုင်ငံချစ်ကြည်ရေးနှင့် တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုများ တိုးမြှင့်ဆောင်ရွက်နိုင်ခဲ့သည့် အခြေအနေများအား ပြောကြားသည်။

ထို့အတူ မြန်မာနိုင်ငံလုံးဆိုင်ရာ ဂေါ်ရခါးဟိန္ဒူဓမ္မအဖွဲ့ချုပ်ဥက္ကဋ္ဌက မြန်မာသက္ကရာဇ် ၁၃၈၀ ပြည့်နှစ်၊ နှစ်သစ်ကူးအခါသမယတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တပ်မတော်သားများ၊ မိသားစုဝင်များအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံ၍ နိုင်ငံ့တာဝန်များ အောင်မြင်စွာ ထမ်းဆောင်နိုင်ကြပါစေရန် ဆုမွန်ကောင်းတောင်းပါကြောင်း၊ မိမိတို့အဖွဲ့သည် မြန်မာနိုင်ငံ တစ်ဝန်းလုံးရှိ ဂေါ်ရခါးလူမျိုးများအားလုံးကို ကိုယ်စားပြုသော နိုင်ငံတော်မှ တရားဝင် အသိအမှတ်ပြုထားသည့် အဖွဲ့ဖြစ်ပါကြောင်း၊ ဂေါ်ရခါးလူမျိုးများသည် အေးချမ်းရိုးသားစွာ နေထိုင်လုပ်ကိုင်ကြ၍ တပ်မတော်တွင်လည်း ရိုးသား၊ သစ္စာရှိစွာ တာဝန်ထမ်းဆောင်ခြင်း၊ နိုင်ငံတော်အပေါ်တွင်လည်း သစ္စာစောင့်သိရိုသေခြင်း အစဉ်အလာကောင်းတို့ကို ယနေ့ထက်တိုင် ထိန်းသိမ်းလျက်ရှိကြောင်း ပြန်လည်ပြောကြားသည်။

ယင်းတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သိန်းနှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ ဂေါ်ရခါးဟိန္ဒူဓမ္မအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့်အတူ နာယကဦးမော်နီလားလ်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ထုတ်ပြန်ချက်အရ သိရသည်။

April 19, 2018














Copy Protected by Chetan's WP-Copyprotect.