ငလျင်လှုပ်ခတ်နိုင်ခြေမှာ ကြိုတင်ခန့်မှန်းမရသဖြင့် ပညာပေးလုပ်ငန်းများ အရှိန်မြှင့် ဆောင်ရွက်လျက်ရှိဟုဆို

ငလျင်လှုပ်ခတ်နိုင်ခြေမှာ ကြိုတင်ခန့်မှန်းမရသဖြင့် ပညာပေးလုပ်ငန်းများ အရှိန်မြှင့် ဆောင်ရွက်လျက်ရှိဟုဆို
Published 20 April 2018

သဘာဝဘေးအန္တရာယ်များအနက် ငလျင်လှုပ်ခတ်နိုင်ခြေမှာ ကြိုတင်ခန့်မှန်း၍မရသဖြင့် ပညာပေးလုပ်ငန်းများကို အရှိန်မြှင့်ဆောင်ရွက်လျက်ကြောင်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင်က ဧပြီ ၁၉ ရက်တွင် ပြောကြားသည်။

“ငလျင်ကတော့ ဇာတ်တိုက်လေ့ကျင့်ခန်းတွေ ပညာပေးအစီအစဉ်တွေ ဆောင်ရွက်နေပါတယ်။ စောင့်ကြပ်ကြည့်ရှုတာတွေ ဆောင်ရွက်နေပါတယ်။ ငလျင်နဲ့ပတ်သက်တဲ့ စင်တာတွေများလာတဲ့အတွက် ဘယ်မှာလှုပ်တယ်ဆိုတာ အရမ်းသိလာရပြီ။ ငလျင်ဆိုတာမျိုးကတော့ ဇာတ်တိုက်လေ့ကျင့်ခန်းတွေ ပညာပေးအစီအစဉ်တွေကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နေပါတယ်။ နောက်ပိုင်းမှာတော့ အဆောက်အအုံဆိုင်ရာ စည်းမျဉ်းတွေရှိလာတော့မှာပါ” ဟု ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင်က ပြောကြားသည်။

ယခုနှစ်ပိုင်းအတွင်း မြန်မာနိုင်ငံနေရာအချို့တွင် ငလျင်လှုပ်ခတ်မှုများ ဆက်တိုက်ဖြစ်ပေါ်နေပြီး ရန်ကုန်မြို့တွင်မူ တစ်ပတ်အတွင်း နှစ်ကြိမ်ခန့် ငလျင်လှုပ်ခတ်မှုများ ဖြစ်ပေါ်ခဲ့သည်။

ငလျင်လှုပ်ခတ်နိုင်မှုအပေါ် ပြည်သူများ စိုးရိမ်မှုမြင့်တက်လျက်ရှိသဖြင့် သဘာဝဘေးနှင့်ပတ်သက်ပြီး ပိုမိုကြံ့ခိုင်သည့် ရပ်ရွာအသိုင်းအဝန်း ဖြစ်လာစေရေးအတွက် အသင့်ပြင်ဆင်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

“ငလျင်ဆိုတာနဲ့ပတ်သက်ရင် အားလုံးတော့စိတ်ပူနေကြရတာပဲ။ အောက်မှာ ငလျင်ကြောကြီးရှိနေတယ်ဆိုတာက ငြင်းလို့မရတဲ့အချက်ပဲ။ နောက်တစ်ခုက ငလျင်က ကြိုပြီးမသိနိုင်ဘူး။ ဒါကြောင့်မို့ ပညာပေးလုပ်ငန်းတွေကို အရှိန်မြှင့်ဆောင်ရွက်နေပါတယ်၊ သဘာဝဘေးနဲ့ပတ်သက်ရင် စီမံချက်လိုမျိုး ပြီးသွားတယ်ဆိုတာမရှိပါဘူး။ အမြဲတမ်းလုပ်နေရမှာ။ အမြဲတမ်းလည်းလုပ်နေတာပါပဲ” ဟု ၎င်းက ဆိုသည်။

Most Read

Most Recent