ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်သို့ ရောက်ရှိနေသည့် ဦးကိုနီ လုပ်ကြံခံရမှုအမှုတွဲမှာ မြောက်ပိုင်းခရိုင်တရားရုံးသို့ ပြန်မရောက်သေးသဖြင့် မစစ်ဆေးဖြစ်ဘဲ ရုံးချိန်းပြန်ချိန်း

ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်သို့ ရောက်ရှိနေသည့် ဦးကိုနီ လုပ်ကြံခံရမှုအမှုတွဲမှာ မြောက်ပိုင်းခရိုင်တရားရုံးသို့ ပြန်မရောက်သေးသဖြင့် မစစ်ဆေးဖြစ်ဘဲ ရုံးချိန်းပြန်ချိန်း
Published 20 April 2018

ဦးကိုနီလုပ်ကြံခံရမှုမှ ကြည်လင်း၊ အောင်ဝင်းဇော်၊ ဇေယျာဖြိုး၊ အောင်ဝင်းထွန်းတို့အား ဧပြီ ၁၉ ရက် ရုံးချိန်းတွင် တွေ့ရစဉ် (ဓာတ်ပုံ-နေမျိုးဝင်း)

ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်သို့ ရောက်ရှိနေသည့် ဦးကိုနီလုပ်ကြံခံရမှုအမှုတွဲမှာ ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးသို့ ပြန်မရောက်သေးသဖြင့် အမှုကို မစစ်ဆေးဖြစ်ဘဲရုံးချိန်းကို မေ ၃ ရက်သို့ ပြန်လည်ချိန်းဆိုခဲ့ကြောင်း သိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ (ဗဟို) ဥပဒေအထောက်အကူပြုအဖွဲ့ဝင် တရားလွှတ်တော်ရှေ့နေဦးကိုနီကို သေနတ်ဖြင့် အနီးကပ်ပစ်ခတ်လုပ်ကြံခံရမှုနှင့် ပတ်သက်၍ ကြည်လင်း၊ အောင်ဝင်းဇော်၊ ဇေယျာဖြိုး၊ အောင်ဝင်းထွန်းတို့ကို မြောက်ပိုင်းခရိုင်တရားရုံး၌ ဧပြီ ၁၉ ရက် နံနက်က ရုံးထုတ်ခဲ့ခြင်းဖြစ်သည်။

“မေ ၃ ရက်ကို ရုံးချိန်းပြန်ချိန်းလိုက်ပါတယ်” ဟု ကြည်လင်း၏ရှေ့နေ ဦးကျော်ကျော်ထိုက် (တရားလွှတ်တော်ရှေ့နေ) က ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်သို့ ရောက်ရှိရသည့်အကြောင်းရင်းမှာ မြောက်ပိုင်းခရိုင်တရားရုံးက ၎င်းတို့အပေါ် ချမှတ်ထားသည့်စွဲချက်အမိန့်အပေါ် ကျေနပ်မှုမရှိသဖြင့် စွပ်စွဲခံရသူများက တိုင်းတရားလွှတ်တော်သို့ ပြင်ဆင်မှုတက်ထားခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။

အလားတူ သေနတ်ဖြင့်အပစ်ခံရသူ ဦးနေဝင်းဘက်မှ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်ကလည်း ကြည်လင်း၊ အောင်ဝင်းဇော်၊ ဇေယျာဖြိုး၊ အောင်ဝင်းထွန်းတို့အပေါ် ချမှတ်ထားသည့် စွဲချက်အမိန့်သည် လိုအပ်ချက်များရှိသဖြင့် ပြင်ဆင်မှုတက်ထားကြောင်း သိရသည်။

ထိုသို့ပြင်ဆင်မှုတက်ခြင်းများကို ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်က လက်ခံခဲ့ပြီး နှစ်ဦးနှစ်ဘက်ရှေ့နေများ၏ လျှောက်လဲချက်ကိုကြားနာကာ အမိန့်ချမှတ်မှုများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဦးကိုနီလုပ်ကြံခံရမှုနှင့်ပတ်သက်၍ တရားစွဲခံထားရသူများဖြစ်သည့် ကြည်လင်း၊ အောင်ဝင်းဇော်၊ ဇေယျာဖြိုး၊ အောင်ဝင်းထွန်းတို့ကို အမှုစစ်တရားရုံးက ဖေဖော်ဝါရီ ၉ ရက်တွင် စွဲချက်တင်ခဲ့သည်။

ထိုသို့စွဲချက်တင်ရာတွင် ရာဇသတ်ကြီးအမှု အမှတ် ၄၅/၂၀၁၇ (လူသတ်မှုအမှုတွဲ) မှ ကြည်လင်းကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ (၁)(ခ) /၃၄၊ ၃၀၂(၂) ဖြင့်လည်းကောင်း၊ အောင်ဝင်းဇော်ကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂(၁) (ခ)/၃၄ ဖြင့်လည်းကောင်း၊ ဇေယျာဖြိုးကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂ (၁)(ခ)/၃၄ ဖြင့်လည်းကောင်း၊ အောင်ဝင်းထွန်းကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၁၂ ဖြင့်လည်းကောင်း စွဲချက်တင်ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ရာဇသတ်ကြီးအမှုအမှတ် ၄၆/၂၀၁၇ (လက်နက်မှုအမှုတွဲ) မှ ကြည်လင်းနှင့် အောင်ဝင်းဇော်တို့ကို လက်နက်ဥပဒေပုဒ်မ ၁၉ (ဃ)(စ) တို့ဖြင့် စွဲချက်တင်ခဲ့သည်။

Most Read

Most Recent